31/05/2026
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊မေလ (၃၁) ရက် (တနင်္ဂနွေနေ့)
၁ ။ (၁၁.၅.၂၀၂၆) ရက်နေ့ ပေါက် ကပစ-၂၄ မှ ထွက်လာသော အင်အား (၄၀၀) ဝန်းကျင် ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့်(၂၂.၅.၂၀၂၆) ရက်နေ့တွင် ကပစ -၂၄ မှထွက်လာသော အင်အား(၉၀၀) ဝန်းကျင်နှင့် စစ်ယာဉ်တန်းများအပါအဝင် စုပေါင်းအင်အား ထောင်ချီဖြင့် ယောဒေသ ပုံတောင်နတ်ထိပ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် (၁၃.၅.၂၀၂၆) ရက်နေ့ တွင် မိမိတို့ မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားကာ တိုက်ပွဲပေါင်း အကြိမ် (၁၀၀) ထက်မနည်း ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက်၍တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
၂ ။ (၁၃.၅.၂၀၂၆) ရက်နေ့မှစ၍ ယနေ့အချိန်ထိ တိုက်ပွဲများအတွင်း မိမိတို့ မဟာမိတ်တပ်ပေါင်းစုဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် မြင့်မြတ်စွာဖြင့် အသက်စွန့်လွှတ်သွားကြသော အာဇာနည်သူရဲကောင်းများ လည်းရှိခဲ့ပါသည်။ ရန်သူ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ကျော်၊ သေဆုံးသူ (၈၀) ကျော်ရှိပြီး ဖမ်းဆီးရမိ စစ်သုံ့ပန်းများ နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ပါသည်။
၃။ တိုက်ပွဲများဖြစ်ပွားနေစဉ် ကာလတစ်လျှောက်တွင် စကစ စစ်ကြောင်းများမှ အပြစ်မဲ့အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း ၊ ကျေးရွာများအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း ၊ နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း ၊ လေကြောင်းဖြင့် စစ်ဘေးရှောင်နေရာများသို့ အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခြင်း စသည့်လူမဆန်သောလုပ်ရပ်များနှင့်အတူ ယုတ်မာရိုင်းစိုင်းစွာ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ကြပါသည်။
၄ ။ မိမိတို့ယောတပ်တော်(YA)သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ၊
ယောဒေသနှင့်မြန်မာတစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံဖြင့်အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ တိုက်ပွဲများဆက်လက်၍ ပြင်းထန်လာနိုင်သည့်အတွက် တော်လှန်ပြည်သူလူထုများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်၊ မိမိတို့ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ယောတပ်တော်(YA)
ယောဒေသ
#ယောတပ်တော်
#တိုက်ပွဲသတင်း
#ယောဒေသယောနယ်