26/12/2024
သံဖြူဇရပ် နှစ်၁၅၀ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ
နာယက ဆရာကြီး ဦးကြီးစိန် ရေးသားသည့်ဆောင်းပါး အပြည့်အစုံ
သံဖြူဇရပ် နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ထုတ်ဝေတဲ့ ရာပြည့်မဂ္ဂဇင်းမှာ ဖေဖေရေးသားခဲ့တဲ့ ဆောင်းပါးကိုဖော်ပြလိုက်ပါတယ်
📓📖📔📗📁📒📂📕🗂📰📚📖
#တို့ချစ်တဲ့သံဖြူဇရပ်💝
🖋📘 မောင်ကြီးစိန် (ရာမည)
ပတိရူပဒေသစဝါသောစ၊ သင့်တင့်လျောက်ပတ်သော အရပ်၌နေရခြင်းသည် ကောင်းမြတ်သောမင်္ဂလာမည်၏ဟူ၍ မင်္ဂလာနိဒါန်းစာအုပ်တွင် ဖွင့်ဆိုထားပါသည်။
သင့်တင့်လျောက်ပတ်သော အရပ် သည် သုတ္တန်နည်းအရရပ်ပြစ်ရှစ်ပါးနှင့် ကင်းလွတ်ရာ အရပ်ကိုဆိုလိုပြီး နီတိကျမ်းအရ စီးပွားကုန်သွယ် အရောင်းအဝယ်ဖွံ့ဖြိုးသောအရပ်၊ ပညာသင်ကြား နိုင်သောအရပ်၊ ဆေးဝါး ဓါတ်စာ ဆေးဆရာရှိသောအရပ်၊ရာသီဥတုညီမျှပြီး ဆန်ရေစပါးပေါများသောအရပ်ဟု ဖွင့်ဆိုထားပါသည်။
ခြုံငုံ၍ ဆိုရပါမူ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ အသွားအလာလွယ်ကူခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံစသည်တို့နှင့်နီးကပ်ခြင်း၊ ရေမီးစသည်ရလွယ်ခြင်းနှင့် ပြည့်စုံလျှင် ပတိရူပဒေသဟု ဆိုရမည်ဖြစ်သည်။
ရှေးမိဘဘိုးဘွားများသည် သံဖြူဇရပ် တည်ရှိရာရပ်ဝန်းသည် ခရီးသွားလမ်းဆုံဖြစ်ခြင်း၊ တော တောင်နှင့် နီးကပ်သဖြင့် သစ်တောထွက်ပစ္စည်းများနှင့် သစ်သီးဝလံများ ပေါကြွယ်ခြင်း၊ ဆန်စပါးသီးနှံအထွက် ကောင်းသည့် ဇရားမြို့နယ်နှင့်နီးကပ်ခြင်း၊ ပင်လယ် ချောင်းမြောင်းနှင့် အလှမ်းမဝေးသဖြင့် ငါး၊ ပုဇွန် စသည့် ရေထွက်စားသောက်ကုန်များ ရရှိနိုင်ခြင်း၊ ထိုစဉ်က မြို့အုပ်ရုံးစိုက်သည့် ဝါခရူမြို့နှင့် အလှမ်းနီးသဖြင့် ဘာသာသာသနာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး ၊ ပညာရေး၊ လူမှုရေးရာများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းစသည့် အခြေချနေထိုင်ရန် သင့်တော် လျောက်ပတ်သောအရပ်ဖြစ်သောကြောင့် ယာယီလှည်းစခန်းအဖြစ်မှ ကျေးရွာအဖြစ်တည်ထောင်ကာ စုရုံးနေထိုင်ကြခြင်းဖြစ်သည်။
ရှေးအခါက ကျေးရွာ တစ်ရွာတည်ထောင်ရေးလုပ်ငန်းသည် ပန်းခင်းသော လမ်းမဟုတ်ပါ။ ခဲယဉ်းပင်ပန်းကြီးစွာ စုပေါင်းအားဖြင့် ဆောင်ရွက်ခဲ့ရသည့် လုပ်ငန်းဖြစ်သည်။ သစ်တော များကို ခုတ်ထွင်ရှင်းလင်းခြင်း ၊ မြေဖို့ခြင်း၊ မြေညှိခြင်း၊ လမ်းဖောက်တံတားဆောက်ခြင်း၊ ရေတွင်းရေကန် တူးဖော်ခြင်း၊ ဘုရားတန်ဆောင်ကျောင်းကန်ဇရပ်များ တည်ဆောက်ခြင်းစသည့် ကြီးလေးခက်ခဲသောလုပ်ငန်းများကို သွေးချွေးအရင်းတည်ပြီး ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
ရှေးမိဘဘိုးဘွားများသည် ရေခံ၊ မြေခံ၊ သန္ဓေမှန်သည့် သံဖြူဇရပ်ရေမြေကို အသက်တမျှ ချစ်မြတ်နိုးလှသဖြင့် ဒုက္ခအရင်းတည်ကာ တည်ထောင် ခဲ့ခြင်းဖြစ်သည်။ မိဘဘိုးဘွားများ၏ ဂုဏ်ကျေးဇူးကို ပေးဆပ်သည့်အနေဖြင့် ယနေ့ သံဖြူဇရပ်မြို့သူမြို့သား အပေါင်းတို့သည် မြို့ကြီးသားပီသစ္စာဖြင့် တာဝန်သိမှု၊ တာဝန်ယူမှ အသိစိတ်ဓာတ်အပြည့်အဝဖြင့် သံဖြူဇရပ်မြို့ကြီး အဓွန့်ရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးသာယာ တိုးတက်ရေးအတွက် တက်ညီလက်ညီ ပူပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိကြောင်းဖော်ပြလိုပါသည်။
(၂)
ခရစ်နှစ် ၁၈၇၄ ခုတွင် ဝါခရူမြို့မှ ဦးမျို၊ ဒေါ်မွန်နှင့် သမီးမင်္ဂယုဂ်တို့ တည်ဆောက်လှူဒါန်းခဲ့သည့် သံဖြူဇရပ်ကိုအခြေပြု၍ သံဖြူဇရပ်ရွာ ဖြစ်တည်လာရာမှ ခေတ်ကာလအမျိုးမျိုးကိုကျော်ဖြတ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့တွင် သံဖြူဇရပ်မြို့အဆင့်သို့ တိုးမြှင့်ပြဌာန်းပေးခဲ့သည်။
သံဖြူဇရပ်အဆင့်မှ မြို့အဆင့်သို့ တက်လှမ်းရာတွင် နှစ်ပေါင်း(၉၀)ကြာမြင့်ခဲ့သည်။ အဆိုပါနှစ်ပေါင်း(၉ဝ) ကာလအတွင်း၌ "ဖြစ်ပြန်၊ ပျက်ပြန်၊ လောကဓံ”ဟူသော စကားနှင့်အညီ သံဖြူဇရပ်ရွာ၏ အခြေအနေသည် ဆုတ်ယုတ်ပျက်စီးသည့်ခေတ်ဆိုးနှင့် ကြုံခဲ့ရသလို၊ လူနေအိမ်ခြေစည်ကားတိုးတက်သည့် ခေတ်ကောင်းကိုလည်း ကျော်ဖြတ်ခဲ့ရပါသည်။
ဘုရားဖူးများ၊ ခရီးသွားများ၏ ယာယီ တည်းခိုစခန်းအဖြစ် နိဒါန်းပျိုးခဲ့သည့် သံဖြူဇရပ်ရွာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် လမ်းဆုံနေရာဖြစ်ခြင်း၊ တောတောင်ထွက်ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ ရေထွက်ကုန်ပစ္စည်းများ လွယ်ကူစွာရရှိနိုင်ခြင်း၊ ဆန်ရေ စပါးအထွက်ကောင်းသည့် ဒေသနှင့်နီးကပ်ခြင်း၊ ပတ်ဝန်းကျင်ဒေသတွင် ချက်ဆားလုပ်ငန်းတွင်ကျယ်လာခြင်း စသည့် အကြောင်းများကြောင့် လူနေအိမ်ခြေများ တိုးတက်လာခဲ့သည်။.
ဆက်လက်၍ ၁၉ဝ၃ ခုနှစ် နောက်ပိုင်းကာလတွင် မော်တော်ကားကို အသုံးပြုမှု များပြားလာခြင်း ၁၉၁၈ ခုနှစ်တွင် (FAIR WEATHER RICHARD AND CO,LTD) က ရော်ဘာပင်များ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ခြင်း၊ ၁၉၂၅ ခုနှစ်တွင် မော်လမြိုင် - ရေး မီးရထားလမ်း ဖွင့်လှစ်ခြင်း စသည့်အကြောင်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများလာရာ ၊ သံဖြူဇရပ်ရွာသည် မြို့တစ်မြို့နီးပါး စည်ကား ခဲ့လေသည်။
စာရေးသူ မှတ်မိသရွေ့ ပြန်ပြောရလျှင် စာရေးသူ (၁၀)နှစ်သားအရွယ် ၁၉၄၁ ခုနှစ်က မိဘများနှင့်အတူ၊ ထိုစဉ်က ယခုမြို့လယ်ပန်းခြံမြေကွက်လပ်ကြီး၌ ဇတ်ပွဲရုံကြီးတည်ဆောက်ကာ ရွှေမန်းတင်မောင်ဇတ်ပွဲကြီးခင်းကျင်းကပြခဲ့သည်ကို ကိုယ်တိုင်ကြည့်ရှုခံစားခဲ့ရပါသည်။
နိူင်ငံကျော်ဇတ်သဘင်အဖွဲ့ကြိီးကိုရုံသွင်းခင်းကျင်းပြသနိူင်ခဲ့သည့် အခြေနေကိုလေ့လာကြည့်ခြင်းအားဖြင့် သံဖြူဇရပ်ရွာ၏ကြီးကျယ်စည်ကားလာသည့်အဆင့်အတန်းကို ခန့်မှန်းနိူင်မည်ဖြစ်ပါသည်။
သံဖြူဇရပ်ရွာ၏ အခြေအနေသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်အာဏာပိုင်တို့ဖောက်လုပ်ခဲ့သော ယိုးဒယား-မြန်မာ မီးရထားလမ်းကိုအကြောင်းပြု၍ ဆက်လက်၍ စည်ကားလာပြန်သည်။ စစ်တန်းလျားများ၊ ချွေးတပ်စခန်းများ၊ စစ်သုံ့ပန်းစခန်းများနှင့် မီးရထားလမ်းများ တိုးချဲ့ခြင်းလုပ်ငန်းများအတွက် လိုအပ်သော သစ် ဝါး စသည့်ဆောက်လုပ်ရေးပစ္စည်းများရောင်းဝယ် သယ်ပို့ရေးလုပ်ငန်းများ တွင်ကျယ်လာခဲ့သည်။
ဂျပန်စစ်တပ်အတွက် လိုအပ်သော ရိက္ခာများ၊ ကုန်စိမ်းကုန်ခြောက်များ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် စည်ကားလာပြန်သည်။ လူသုံးကုန်ပစ္စည်းများရှားပါး၍ ရောဂါဘယထူပြောပြီး ကြပ်တည်းသောခေတ်ကာလတွင် ပြည်သူအများသည် ခက်ခဲ ပင်ပန်းကြီးစွာဖြင့် ရှာဖွေလုပ်ကိုင်စားသောက်ကြရသည်။ ယိုးဒယား မြန်မာ မီးရထားလမ်းသည် ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖောက်လုပ်ပြီးစီးခဲ့ပါသည်။
သို့ရာတွင် ထိုအချိန်၌ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ အခြေစိုက်သည့် မဟာမိတ်တို့၏ အရှေ့တောင်အာရှ စစ်ဌာနချုပ်မှ လေယာဉ်များသည် သံဖြူဇရပ်မြို့ရှိ ဘူတာရုံများ မီးရထားလမ်းများ၊ တံတားများ၊ စစ်တန်းလျားများကို နေ့ညမပြတ် ဗုံးများ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုဗုံးဒဏ်၊ သေနတ်ဒဏ်ကို သံဖြူဇရပ်ဘူတာဝန်းကျင်နှင့် ယခုကြံ့ခိုင်ရေးရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တွင် အများဆုံးခံရသဖြင့် ဗုံးကျင်းများ အပျက်အစီး များ၊ လူအသေအပျောက်အများဆုံးဖြစ်ခဲ့ပါသည်။
"မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်” ဟူသော စကားနှင့်အညီ လွန်ခဲ့သော ခေတ်အဆက်ဆက်က လူနေစည်းကားခဲ့သော သံဖြူဇရပ်ရွာကြီးသည် စစ်ဘေးဒဏ်ကြောင့် လူနေအိမ်ခြေခြောက်သွေ့လာပြီး ကျီးနှင့်ဖုတ်ဖုတ်အဖြစ်ဆိုးဖြင့် ကြုံခဲ့ရလေသည်။
သို့ရာတွင် ဒုတိယကမ္ဘာစစ်ပြီးစကာလတွင် သံဖြူဇရပ်ရွာ၏ကံကြမ္မာအလှည့်အပြောင်းသည် အကောင်းဘက်သို့ဦးတည်လာပြန်သည်။
ခေတ်ပြောင်းစအချိန်တွင် ယိုးဒယား-မြန်မာ မီးရထားသည် ပုံမှန်မပျက်ဆက်လက်ပြေးဆွဲနေဆဲဖြစ်ရာ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ အပြန်အလှန် ရောင်းဝယ်ဖောက်ကားမှုဖြင့် လူနေစည်ကားလာပြန်သည်။
ပတ်ဝန်ကျင်ကျေးရွာများတွင် ခိုးဆိုး လုယက်မှုများ၊ ဓားပြမှုများ၊ ဆူပူသောင်းကျန်းလာသဖြင့် မိသားစုအလိုက် သံဖြူဇရပ်ရွာသို့ ပြောင်းရွေ့နေထိုင်ကြရာ၊ လမ်းမကြီးဘေး နှစ်ဘက်တွင် လူနေတဲအိမ်များဖြင့် ပြည့်ကျပ်လာသည့်အဖြစ်နှင့် ကြုံခဲ့ရသည်။
ထိုစဉ်က စာရေးသူ ၁၆ နှစ်သား အရွယ်ရှိ၍ သံဖြူဇရာရွာ၌ ဖွင့်လှစ်သည့် မစ္စတာမက်(ချ)အင်္ဂလိပ်အလွတ် ပညာသင်ကျောင်း၌ ပညာဆည်းပူနေချိန်ဖြစ်သည်။ လူနေများပြား၍ အရောင်းအဝယ်လုပ်ငန်းကောင်းမွန် သဖြင့် ရုပ်ရှင်ရုံ(၄)ရုံ ဖွင့်လှစ်ပြသနိုင်သည်အထိ လူနေစည်းကားခဲ့သည့်အဖြစ်ကို မှတ်မိပါသေးသည်။
သံဖြူဇရပ်ရွာ၏ အခြေအနေသည် တည်ငြိမ်အေးချမ်း၍ လူနေမှု အခြေအနေ အတော်အသင့်ကောင်းမွန် သည်ဟု ဆိုရပါမည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် အခြေအနေကောင်းမွန်သော်လည်း လွတ်လပ်ရေးရပြီး လပိုင်းအကြာတွင် သံဖြူဇရပ်ကျေးရွာဝန်းကျင်၌ တိုင်းရင်းသား လက်နက်ကိုင်သူပုန်များ၊ ရောင်စုံ သောင်းကျန်းမှုများ အနှံ့အပြားပေါ်ပေါက်ခဲ့သည်။
တောမီးလောင် တောကြောင်လက်ခမောင်းခတ် စကားနှင့်အညီ ရေလမ်းကုန်းလမ်းခရီးတွင် လုယက်မှု ဓားပြမှုနှင့် တွေ့ရပြီး၊ အနီးပတ်ဝန်းကျင်ကျေးရွာအချို့ရွာလုံးကျွတ်မီးရှို့ခံရသည့်အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။ နေ့ရောညပါ လုံခြုံရေးအခြေအနေ ကင်းမဲ့လာ သဖြင့် စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆုတ်ယုတ်ကျဆင်းကာ ကျီးလန့်စာစားသည့်အခြေအနေသို့ ရောက်ရှိခဲ့လေသည်။
၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့တွင် မြန်မာနိုင်ငံတော်လှန်ရေးကောင်စီက နိုင်ငံတော်၏ အာဏာကိုထိန်းသိမ်းရယူပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ဦးစားပေးဆောင်ရွက်သည့် အချိန်ရောက်မှသာ နယ်မြေအခြေအနေ တည်ငြိမ်စပြုလာခဲ့သည်။
ထို့အပြင် သံဖြူဇရပ်ရွာ၌ ၁၉၅၈ ခုနှစ် မှစ၍ အမှတ်(၂၈)ခ.လ.ရနှင့် ယင်းနောက်အမှတ် (၃၁)ခ.လ.ရတပ်ရင်းတို့ တပ်ရင်းရုံးစိုက်ထားပြီးဖြစ်သောကြောင့် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၄ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် သံဖြူဇရပ်ရွာအား မြို့ အဆင့်သို့ တိုးမြှင့်ပြဌာန်းသတ်မှတ်ပေးခဲ့ရာ ရွာသူရွာသားများ ဂုဏ်ယူဝမ်းမြောက်မဆုံးဖြစ်ခဲ့ပါသည်။
ထိုအချိန်မှစ၍ သံဖြူဇရပ်မြို့တွင် စုပေါင်းရုံးတည်ဆောက်ဖွင့်လှစ်ခြင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ရဲစခန်း များတိုးချဲ့မြှင့်ဖွင့်လှစ်ခြင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခြင်း၊ မြို့ပေါ်ရပ်ကွပ်များ ဖော်ဆောင်ခြင်း ၊ ဌာနပေါင်းစုံဝန်ထမ်းများဖြင့် စည်ကားလာခြင်းတို့ကြောင့် အင်္ဂါရပ်နှင့်ညီညွတ်သော မြို့တစ်မြို့ အဖြစ်သို့ ရောက်ရှိခဲ့လေသည်။
ဤသို့ သံဖြူဇရပ်ရွာအဆင့်မှ မြို့အဆင့်သို့ တက်လှမ်းခဲ့ရာတွင် ရွာသူရွာသား၊ မိဘဘိုးဘွားတို့သည် ဗုံးဒဏ်၊ သေနတ်ဒဏ်တို့ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး၊ လမ်းပြင်၊ တံတားဆောက်၊ နေအိမ်တည်ဆောက် စသည့် ထူထောင်ရေးလုပ်ငန်းများကို ခက်ခဲပင်ပန်းကြီးစွာ ဒုက္ခများကို ကျော်လွှားပြီး တက်ညီလက်ညီ တည်ဆောက်ခဲ့ရသည်။
မျက်မှောက်ကာလမြို့သူမြို့သား အပေါင်းတို့သည် မိဘဘိုးဘွားများ အသက်နှင့်ရင်းပြီးတည်ဆောက်ခဲ့သည့် သံဖြူဇရပ်မြို့ ကို မိမိတို့လက်ထက်တွင် တာဝန်သိ၍တာဝန်ယူသောမြို့ကြီးသားပီသသည့် အသိစိတ်ဓာတ်ဖြင့် မြို့၏သိက္ခာကျဆင်းစေမည့် အဖျက်အမှောင့်သဘောလုပ်ငန်းများကို ရှောင်ရှားပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးသာယာသော မြို့တော်ကြီးဖြစ်အောင် ညီညာဖြဖြကြိုးစားဆောင်ရွက်သင့်ကြောင်း ဖော်ပြလိုပါသည်။
📓📖📔📗📁📒📂📕🗂📰📚📖
#တို့ချစ်တဲ့သံဖြူဇရပ်💝
--------------- (ဒုတိယပိုင်း) -----------------
🖋📘 မောင်ကြီးစိန် (ရာမည)
(၃)
လူတို့သည် မိမိတို့မွေးဖွားရာဒေသ၊ နေထိုင်ကြီးပြင်းခဲ့ရာဒေသ၊ ပညာဆည်းပူးခဲ့သည့်ဒေသ၊ ကြီးပွားအောင်မြင်မှုရခဲ့သည့်ဒေသတို့ကို သံယောဇဉ် ငြိတွယ်လေ့ရှိကြပါသည်။ ဒေသစွဲဖြင့် မိမိမြို့ကို အခြားမြို့များထက် အဘက်ဘက်တွင် သာလွန်အောင်မြင်စေချင်ပြီး ဂုဏ်ရောင်ထွန်းပြောင်စေချင်ကြသည်။
သို့ရာတွင် တိုးတက်စေချင်သော စိတ်ဆန္ဒတစ်မျိုးတည်း ရှိရုံဖြင့် ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ပေ။ မိဘ ဘိုးဘွားများ၏ ကောင်းမွေကို ဆက်ခံသည့် မြို့ကြီးသား ပီသစွာဖြင့်၊ မြို့၏ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်သိမှု၊ တာဝန်ယူမှု အသိစိတ်ဓာတ်ဖြင့် ပူပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
မြို့ကြီးသားပီသရန်အတွက် ရှေးဦးဆုံးလိုအပ်ချက်သည် "ဥပဒေစည်းကမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်း"ဖြစ်သည်။
ဥပဒေစည်းမျဉ်းစည်းကမ်း ဟူသည် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်းမဟုတ်ဘဲ လူမှုဘဝ တိုးတက်ရေးအတွက် လိုအပ်ချက်ဖြစ်ပါသည်။
ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ ပြည်သာယာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ထုတ်ပြန်ထားသော ဥပဒေဘောင်အတွင်း ကျင့်ကြံ ပြောဆို၊ လုပ်ကိုင်နေထိုင်ခြင်းအားဖြင့် မိသားစုဘဝ လုံခြုံဘေးကင်း အေးချမ်းသာယာတိုးတက်မည်ဖြစ်သည်။
စည်းလုံးညီညွတ်ခြင်းသည် မြို့ကြီးသားများအတွက် မရှိမဖြစ် ဒုတိယလိုအပ်ချက်ဖြစ်သည်။ “စည်းလုံးညီညာ အောင်ကြောင်းဖြာ" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၊ မိမိတို့ချစ်တဲ့မြို့၏ ဘာသာသာသနာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်တစ်စိတ်တစ်ဝမ်းတည်း ညီညာစွာ လက်တွဲဆောင်ရွက်လျှင် သွေးဆုံရမည် ဟူသော စကားနှင့်အညီ စိတ်ဆန္ဒပြင်းပြစွာဖြင့် ဥမကွဲ သိုက်မပျက်ဆောင်ရွက်ပါက ရေရှည်တည်တံ့သော မြို့ကြီးဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။
မိမိတို့ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ရေးအတွက် တတိယလိုအပ်ချက်သည် “တာဝန်သိစိတ်၊ အားဝန်းယူစိတ်ဖြင့် ဆောင်ရွက်ခြင်း" ဖြစ်သည်။
မိမိမြို့၏ သာသာသနာရေး စီးပွားရေး၊လုံခြုံရေး၊ ကျန်းမာ၊ လူမှုရေးလုပ်ငန်းများတွင် အားနည်းချက်များ၊ ချို့ယွင်းချက်များတွေ့ရှိပါက ဥပေက္ခာမပြု လျစ်လျူမရှုဘဲ မိမိကိုယ်တိုင် တာဝန်ယူစိတ်တို့ဖြင့်ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။
ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေး၊ အဖျက်အမှောင့်လုပ်ငန်းများ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရယ် အန္တရာယ်ကာကွယ်တားဆီးရေး၊ ကြက်ခြေနီလူမှုကယ် ဆယ်ရေးပြန်လည်ထူထောင်ရေး၊စိမ်းလန်းစိုပြေသန်ရှင်းသာယာရေးလုပ်ငန်းများသည် မြို့သူမြို့သားတို့၏ တာဝန်သိမှု၊ တာဝန်ယူမှု အသိစိတ်ဓါတ်ထက်သန်စွာဖြင့် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှသာအောင်မြင်နိုင်မည်ဖြစ်ကြောင်း ဖေါ်ပြလိုပါသည်။
မြို့ကြီးတစ်မြို့ဖြစ်ပေါ်လာရန် စတုတ္ထလိုအပ်ချက်သည်""ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုမူနေထိုင်ခြင်း" ဖြစ်သည်။ “ကျန်းမာသန့်ရှင်း ရောဂါကင်း” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့သူမြို့သားတိုင်း ကျန်းမာပါမှ ရောဂါကင်းဝေးပြီး အလုပ်လုပ်နိူင်ကြပါမည်။
အိမ်တိုင်းသည် အိမ်တွင်းအိမ်ပ ခြံတွင်းခြံပ အမှိုက်သရိုက်များ အညစ်အကြေးများကင်းစင်ရေး၊ ရေသွယ်မြောင်းများရေစီးရေလာကောင်းမွန်ရေး၊ ခြင် ယင်နှင့် ရောဂါပိုးမွှားများ ကင်းစင်ရေးကို ဆောင်ရွက်ပြီး၊ ရေကောင်းရေသန့်၊ လေကောင်း ရရှိနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်ရန် လိုအပ်ပါသည်။
သို့မှသာ ကျန်းမာခြင်းသည် လဒ်တစ်ပါးဆိုသည့် စကားနှင့်အညီ ကျန်းမာပျော်ရွှင် မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
မိမိတို့မြို့ကြီး အနာဂတ်ကာလ သာယာရေးအတွက် ပဉ္စမလိုအပ်ချက်သည် “စိမ်းလန်း စိုပြေ သန့်ရှင်းသာယာသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ခြင်း" ဖြစ်သည်။ သစ်တော၊ သစ်ပင်၊ ပန်းပင်များသည် မျက်စေ့ ပသာဒကိုဖြစ်စေ၍ ရာသီဥတုကိုမျှတစေပြီး မိသားစုစားရေးရိက္ခာကို ဖူလုံစေသည့်အပြင် အေးမြသော အရိပ်အာဝါသကို ပေးစွမ်းနိုင်ပါသည်။
သစ်တော သစ်ပင်များသည် ညစ်ညမ်းသော ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ရှူသွင်းပေးသဖြင့် လူသားများအတွက် လေကောင်းလေသန့်ကို ရစေနိုင်ပါသည်။
“တစ်သက်တာစိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်" ဆိုသော စကားအရ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေရေးအတွက် အိမ်တိုင်းတွင် ခြံတွင်းခြံပ သင့်တော်သောနေရာ၌ သစ်ပင်ပန်းပင်များကို စိုက်ပျိုးကြရပါမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်သစ်များအတွက် သစ်ပင်၊ ပန်းပင်များစိုက်ပျိုးခြင်းဖြင့် “စိမ်းလန်းစိုပြည်သန့်ရှင်းသာယာသောမြို့(Green and Clean City)အဖြစ်ဖော်ဆောင်ဖန်တီးပေးရမည်ဖြစ်သည်။
မြို့သူမြို့သားများသည် ဖော်ပြပါကျင့်ဝတ်ငါးသွယ်နှင့်အညီ အပြုသဘောဆောင်၍ အကောင်းမြင်စိတ်ထားဖြင့် မိမိတို့ချစ်သည့်မြို့ကြီးအနာဂတ်ကာလ သာယာလှပပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ရပေသည်။
(၄)
အချုပ်အားဖြင့် သံဖြူဇရပ်မြို့တည်ရှိရာရပ်ဝန်းသည် ပတိရူပဒေသသင့်တင့်
လျှောက်ပတ်သောဒေသဖြစ်သည်နှင့်အညီ တန်ခိုးကြီးကျိုက္ခမီရေလယ် ဘုရား၊ ဆံတော်တောင်စေတီ၊ အင်ကြင်းတောင်စေတီ၊ မြို့တော်ဦးစေတီ၊ ကိုးသိန်းကိုးသောင်းစေတီပထိုး စသည်များတည်ရှိ၍ ရှေးဟောင်းသမိုင်းဝင် ဝါခရူမြို့ဟောင်း၊ မြို့ရိုးနှင့်ကျုံး၊ တိုင်တစ်ရာကျောင်း၊ မဟာသိမ်တော်ကြီး ၊ ဓနသဟာယ စစ်သင်္ချိုင်း၊ သေမင်းတမန်မီးရထားပြတိုက်တို့ ဖွင့်လှစ်ထားရှိပြီး ခရီးသွား ဧည့်သည်များ၏ အာရုံကိုဆွဲဆောင်နိုင်သည့် စက်စဲ ကမ်းခြေအပန်းမဖြစခန်းနှင့် ဝဲကလိရေပူစမ်းတို့လည်း တစ်မူထူးခြားစွာတည်ရှိရာဖြစ်ပါသည်။
သံဖြူဇရပ်ဒေသ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ရော်ဘာစိုက်ပျိုးရေး ရောင်းဝယ်ရေးလုပ်ငန်း၊ နေလှန်းဆားလုပ်ငန်းနှင့် ရေထွက်ပစ္စည်းလုပ်ငန်းဖြစ်သည်။
မျက်မှောက်ကာလ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများ တိုးတက်လာသည့် ခေတ်တွင် ရော်ဘာကုန်ကြမ်း၊ နေလှန်းဆားကုန်ကြမ်း၊ ရေထွက်ကုန်ကြမ်းပစ္စည်းများကို သုတေသနပြုလုပ်ပြီး တန်ဖိုးမြင့် ကုန်ချောများကို တီထွင်ထုတ်လုပ်နိုင်ခြင်း အားဖြင့် ဝင်ငွေတိုးကာ လူမှုစီးပွားရေးအခြေအနေ မြင့်မားလာနိုင်ပါမည်။
“လိုလျှင်ကြံဆနည်းလမ်းရ” "တကယ်လုပ်လျှင်၊ အဟုတ်ဖြစ်မည်” ဟူသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက မုချအောင်မြင်နိုင်မည်ဖြစ်သည်။
အစ္စရေးတို့သည် သဲကန္တာရနှင့် ကျောက်လွှာထုကို ခဲယဥ်းပင်ပန်းကြီးစွာထုခွဲပြီး စိုက်ပျိုးရေးနှင့်သောက်သုံးရေကို ရရှိအောင်ဆောင်ရွက်ခဲ့သည့်အပြင် သဲလွှာထုကိုဖယ်ရှား၍ မြေသားနှင့် မြေဆီလွှာကိုဖြည့်ထည့်ကာ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိူင်ခဲ့ကြသည်။
အလားတူ မြေသားမရှိ ရေလွှာအတိဖုံးလွှမ်းနေသော အင်းလေးရေပြင်ကြီးတွင် ကျွန်ုပ်တို့၏ညီနောင် အင်းသားများသည် ကျွန်းတု၊ ကျွန်းမြောများ တီထွင်ဖော်ဆောင်ကာ ခရမ်းချဉ်သီးစသည့် သီးပင်စားပင်များကို အောင်မြင်စွာစိုက်ပျိုးနိုင်သည့် ဥပမာကောင်း များကို အတုယူဆောင်ရွက်ကြရန်လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့မြို့သူမြို့သားအပေါင်းတို့သည် မိဘဘိုးဘွားများ၏ အမွေခံကောင်းများ၊ မြို့ကြီးသားပီသစ္စာဖြင့် *
◾ တို့မြို့၊ တို့ရွာသာသနာ...ရောင်ဝါထွန်းလင်းသေရမည်။
◾ တို့မြို့ယိမ်းယိုင်လျှင်...ရိုင်းပင်းထူထောင်မည်။
◾ တို့မြို့ပျက်လျှင်...တို့ပြုပြင်မည်။
◾ တို့မြို့ဖျက်လျှင်...အသက်ကိုနှင်း၍ကာကွယ်မည်။
◾ ရေဘေး၊ လေဘေး၊ မီးဘေးကယ်ဆယ်ရေး...မနှေးအမြန်ပူးပေါင်းဆောင်ရွက်မည်။
◾ ကူးစက်ရောဂါဘေးကင်းစင်ရေး... ကြိုတင်နှိုးဆော်ဆောင်ရွက်မည်။
◾ တို့မြို့ သားကျောင်းသားလူငယ်များ ပညာပြည့်ဝ ၊ နှလုံးလှစေရမည်။
◾ တို့မြို့ တို့လမ်း စိမ်းလန်းစိုပြည်သန့်ရှင်းသာယာစေရမည်။
◾ တို့မြို့ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်မည်ဟူ၍
သန္နိဌာန်ချကာ ၊ ခိုင်ကျည်သောစိတ်ထားဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပါက ၊ တို့ချစ် သည့် သံဖြူဇရပ်မြို့ကြီးသည် အနာဂတ်ကာလတွင် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သာယာသော မြို့ကြီး အဖြစ် မလွဲဧကန် ရောက်ရှိမည်ဖြစ်ကြောင်း ဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
🖋 မောင်ကြီးစိန် (ရာမည) 🖋
Crd Nyi Nwe