14/07/2026
ကျနော်တို့ လူသားတွေဟာ ကမ္ဘာကနေ မိုင်ပေါင်းသန်းချီဝေးတဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ရိုဗိုယာယာဉ်တွေ စေလွှတ်နိုင်ခဲ့ပြီး စကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေကို အဖြေရှာဖို့ ဘီလီယံနဲ့ချီတဲ့ အမေရိကန်ဒေါ်လာတွေကို နှစ်စဉ် သုံးစွဲနေကြပါတယ်။
ဒါပေမယ့် သမိုင်းတစ်လျှောက် စိတ်ဝင်စားဖို့အကောင်းဆုံး ဆန့်ကျင်ဘက် အချက်အလက်တစ်ခုကတော့ လူသားတွေဟာ မိမိတို့ ခြေချနေထိုင်တဲ့ ကမ္ဘာမြေပေါ်က သမုဒ္ဒရာကြီးတွေရဲ့ ၅ ရာခိုင်နှုန်းဝန်းကျင်ကိုပဲ အပြည့်အဝ လေ့လာရသေးတာ ဖြစ်ပါတယ်။
ကမ္ဘာ့အနက်ဆုံးနေရာဖြစ်တဲ့ မာရီယာနာချောက် (Mariana Trench) ရဲ့ အောက်ခြေကို ရောက်ဖူးတဲ့ လူသားအရေအတွက်ဟာ လကမ္ဘာပေါ်ကို ခြေချခဲ့တဲ့ အာကာသယာဉ်မှူး အရေအတွက်ထက်ပင် နည်းပါးနေသေးတာက လူသားတွေဟာ အာကာသကိုပဲ ပိုမိုစူးစမ်းဖို့ ရွေးချယ်နေကြသလားဆိုတဲ့ မေးခွန်းကို ထွက်ပေါ်လာစေပါတယ်။
အမှန်တရားကို သိပ္ပံနည်းကျ ဆန်းစစ်ကြည့်မယ်ဆိုရင် ပင်လယ်ရေနက်ပိုင်းဟာ အာကာသထက် စူးစမ်းလေ့လာရ ပိုမိုခက်ခဲပြီး အသက်အန္တရာယ် ပိုမိုများပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အာကာသထဲမှာ လေထုဖိအား လုံးဝမရှိတဲ့ လေဟာနယ် (Vacuum) ဖြစ်တာကြောင့် အာကာသဝတ်စုံ သို့မဟုတ် ယာဉ်တံခါးအကာအကွယ် ရှိရုံနဲ့တင် အတွင်းပိုင်း ဖိအားကို ထိန်းညှိပြီး အသက်ရှင်နိုင်ပါတယ်။
ဒါပေမယ့် ပင်လယ်ရေနက်ပိုင်းကို ဆင်းမယ်ဆိုရင်တော့ အထက်က ရေထုထည်တစ်ခုလုံးရဲ့ အလေးချိန်ကြောင့် စတီးလ်အထူကြီးတွေကိုတောင် စက္ကူလို ညှပ်ပစ်နိုင်တဲ့ ဧရာမ ရေဖိအား (Hydrostatic Pressure) က စောင့်ကြိုနေပါတယ်။
မာရီယာနာကျုံးရဲ့ အောက်ခြေမှာရှိတဲ့ ဖိအားဟာ ကမ္ဘာ့လေထုဖိအားထက် အဆပေါင်း ၁,၀၀၀ ကျော်အထိ ပြင်းထန်တာကြောင့် ရေငုပ်သင်္ဘောအကာအကွယ် အနည်းငယ်မျှ ဟာကွက်ရှိတာနဲ့ စက္ကန့်ပိုင်းအတွင်း အမှုန့်ဖြစ်သွားနိုင်ပါတယ်။
ဒီလို ပြင်းထန်တဲ့ ဖိအားဒဏ်ကို ခံနိုင်မယ့် သံမဏိယာဉ်တွေ ဆောက်လုပ်ရတဲ့ နည်းပညာဟာ အာကာသယာဉ် ဆောက်လုပ်ရတာထက် ပိုမိုနက်နဲခက်ခဲလှပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဖိအားဒဏ်အပြင် အလင်းရောင်နှင့် ဆက်သွယ်ရေးစနစ် ချို့တဲ့မှုကလည်း သမုဒ္ဒရာရေနက်ပိုင်း စူးစမ်းရေးကို အဓိက အဟန့်အတား ဖြစ်စေပါတယ်။
အာကာသထဲမှာ နေရောင်ခြည်၊ ကြယ်အလင်းရောင်တွေ ရှိသလို ရေဒီယိုလှိုင်းတွေ သုံးပြီး ကမ္ဘာမြေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ပေမယ့် ပင်လယ်ရေ မီတာ ၂၀၀ အောက် (Aphotic Zone) ကို ရောက်သွားရင်တော့ နေရောင်ခြည် လုံးဝမဖြတ်သန်းနိုင်တော့ဘဲ ကတ္တရာစေးလို မှောင်မိုက်တဲ့ အမှောင်ထုကြီးပဲ ရှိပါတော့တယ်။
ထို့အပြင် ထူထပ်လှတဲ့ ရေထုကြောင့် အာကာသထဲမှာ သုံးတဲ့ ရေဒီယိုလှိုင်းတွေ၊ ရေဒါတွေဟာ ရေအောက်မှာ လုံးဝအလုပ်မလုပ်နိုင်တော့ဘဲ အသံလှိုင်း (Sonar) စနစ်တစ်ခုတည်းကိုသာ အားကိုးပြီး မြေပုံဆွဲကြရပါတယ်။
ဘာမှမမြင်ရဘဲ ဆက်သွယ်ရေး လှိုင်းတွေ ဖြတ်သန်းရခက်ခဲတဲ့ ရေလှိုင်းအောက်စီးကြောင်းတွေကြားထဲ ရှာဖွေရေးလုပ်ရတာဟာ စကြဝဠာထဲမှာ လမ်းညွှန်စနစ်သုံးပြီး သွားလာရတာထက် ပိုမို မျက်စိလည် စိုးရိမ်စရာ ကောင်းလှပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွန်းအားချင်း မတူညီတာကလည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
အာကာသကို စူးစမ်းတာဟာ ကမ္ဘာ့ကာကွယ်ရေး ဂြိုဟ်တုနည်းပညာ၊ GPS ဆက်သွယ်ရေးစနစ်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံကြီးတွေကြား အာဏာပြိုင်ဆိုင်မှု (Space Race) ကြောင့် ရန်ပုံငွေ အလုံးအရင်း ရရှိခဲ့တာ ဖြစ်ပါဆင်တယ်။
တစ်ဖက်တွင်မူ ပင်လယ်နက်အောက်ခြေကို ဆင်းဖို့ နည်းပညာဟာ ကုန်ကျစရိတ် အဆမတန် မြင့်မားသလောက် ပြန်လည်ရရှိမယ့် စီးပွားရေး ရလဒ်နဲ့ နိုင်ငံရေးအကျိုးအမြတ်က အာကာသလောက် ချက်ချင်း မထင်ရှားတာကြောင့် ရင်းနှီးမြှုပ်နှံသူ နည်းပါးခဲ့ခြင်း ဖြစ်ပါတယ်။
ဒါကြောင့်ပဲ သိပ္ပံလောကမှာ အာကာသအောင်နိုင်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ခဲ့ပြီး၊ ကိုယ့်ကမ္ဘာမြေအောက်က သမုဒ္ဒရာရေနက်ပိုင်းတွေကတော့ ယနေ့ခေတ်အထိ လူသားတွေအတွက် အဆန်းပြားဆုံးနဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။
#ဗဟုသုတ #သိပ္ပံ #ပင်လယ်နက် #သမုဒ္ဒရာ