07/03/2026
ရန်ကုန်က မြင်းလောင်းတဲ့ တရုပ်တွေ
၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ မှာ ရွှေတိဂုံဘုရားကုန်းတော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ရန်ကုန်ဟာ ဗြိတိသျှအင်ပါယာရဲ့ အစိတ်အပိုင်း ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းကစပြီး ရန်ကုန်ကို အင်္ဂလိပ်တို့က ခေတ်မီမြို့ပြအဖြစ် ပုံစံသစ် ပြန်လည်တည်ဆောက်ခဲ့တာ ပုံဖော်ပါတယ် မြို့ကွက်ကို အကွက်ချ ဖော်ထုတ်ခဲ့ပြီး ပန်းခြံ ကလပ်တွေ တင်းနစ်ကွင်း မြင်းပြိုင်ပွဲ လိုမျိုး အနောက်တိုင်း အပန်းဖြေမှုတွေဟာလည်း ရန်ကုန်မြို့ဆီ တဖြည်းဖြည်း ရောက်ရှိလာခဲ့တာပါ။
အစပိုင်း ရန်ကုန်ဟာ မြင်ပြိုင်ကွင်း တွေမရှိသေးပါဖူး မြင်းပွဲတွေရဲ့ အစဦးပိုင်းဟာ ဗြိတိသျှ ကိုလိုနီခေတ်ဦး (၁၉ ရာစုနှောင်းပိုင်း) ကတည်းက အမြစ်တွယ်ခဲ့တာပါ အင်္ဂလိပ်အရာရှိတွေဟာ သူတို့ရဲ့ အားလပ်ရက် အပန်းဖြေမှုအဖြစ် မြင်းစီးခြင်းနဲ့ မြင်းပြိုင်ခြင်းကို မြန်မာပြည်ဆီ ယူဆောင်လာခဲ့တာပါ အင်္ဂလိပ်တွေ ရန်ကုန်ကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာ မြင်းပြိုင်ပွဲတွေကို အပျော်တမ်းစတင် ကျင်းပါတယ်။
မြင်းပွဲတွေကို စနစ်တကျ ကျင်းပနိုင်ဖို့အတွက် ၁၈၈၇ ခုနှစ် မှာ "ရန်ကုန်မြင်းစီးအဖွဲ့ချုပ်" (Rangoon Turf Club) ကို တရားဝင် တည်ထောင်ခဲ့ပါတယ်။ ဒါဟာ မြန်မာ့မြင်းပွဲသမိုင်းရဲ့ အရေးအကြီးဆုံး အလှည့်အပြောင်းပါပဲ။ အဲဒီနောက်ပိုင်းမှာ မြင်းပွဲတွေဟာ အလောင်းအစားနဲ့တကွ စနစ်တကျ ပေါ်ပေါက်လာပါတယ်။
အဲဒီအချိန်တုန်းက အခုလို ကျိုက္ကဆံကွင်းကြီး မရှိသေးဘဲ မိုင်ဒါကွင်း (Maidan) လို့ ခေါ်တဲ့ မြို့မကျောင်းလမ်း အပေါ်က မြေကွက်လပ်ကြီးမှာအဆောက်ဦတွေတည်ပြီး အသုံးပြုခဲ့တာပါ ကိုလိုနီခေတ်က ရန်ကုန်မှာ အထက်တန်းလွှာတွေနဲ့ အပတ်စဉ် ပိတ်ရက်တိုင်း တွေ့ဆုံဖြစ်ကြတာကတော့ မြင်းပြိုင်ကွင်းတွေမှာပဲဖြစ်ပါတယ်..။ မြင်းစီးအားကစားကို အင်္ဂလိပ်လူမျိုးများက ၂၀ ရာစုအစောပိုင်း မှာ ရန်ကုန်မြို့ပေါ်ကို ယူသွင်းလာကြတာဖြစ်ပါတယ်။အင်္ဂလိပ်တို့က ရန်ကုန်ကို "The Paris of the East" လို့ တင်စားခဲ့သလို၊ ရန်ကုန်မြင်းပွဲကိုလည်း အရှေ့တောင်အာရှမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခဲ့ ကြပါတယ်။
မြင်းစီးအားကစားနဲ့ မြင်းပြိုင်ကွင်းတွေကို သွားရောက်တာဟာ ဂုဏ်သရေရှိမိသားစုများသာ ပြုလုပ်တဲ့ အထိမ်းအမှတ်တစ်ခုအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ကာလတွေမှာ ရန်ကုန်က လူချမ်းသာများဟာ ကိုယ်ပိုင်မြင်းတွေကို ဝယ်ယူပြီး ပရော်ဖက်ရှင်နယ် မြင်းစီးသမား (ဂျော်ကီ) များကို စီးနင်းစေကာ ပြိုင်ပွဲဝင်တဲ့အလေ့အထတစ်ခုရှိတယ်လိုဆိုပါတယ်
အစောပိုင်း အင်္ဂလိပ်ခေတ် မြင်းပွဲတွေမှာ မြန်မာလူမျိုးတွေကို ပွဲကြည့်စင် အနိမ့်ပိုင်းမှာပဲ ကြည့်ခွင့်ပေးခဲ့ပေမဲ့၊ ၁၉၅၀ ဝန်းကျင် ရောက်တဲ့အခါမှာတော့ မြန်မာတွေဟာ အထူးတန်းတွေမှာ တိုက်ပုံအင်္ကျီတွေနဲ့ ခန့်ခန့်ထည်ထည် နေရာယူနိုင်ခဲ့ကြပါပြီ။
လက်ရှိ ကျိုက္ကဆံ မြင်းပြိုင်ကွင်းဟာ ကိုလိုနီခေတ်များအတွင်းက Rangoon Turf Club လို့ခေါ်တွင်တဲ့ မြင်းပြိုင်ကွင်းတစ်ခုပါ ၁၈၈၇ နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခင်က မိုင်ဒါကွင်းနေရာမှာ ထားရှိခဲ့ပါတယ် သူဌေးကြီး လင်ချင်းချောင်းက ဒီကလပ်ရဲ့ ဥက္ကဌဖြစ်ခဲ့ပါသေးတယ်။
၁၉၂၆ မှာတော့ ပြိုင်ကွင်းကို ကျိုက္ကဆံသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကျိုက္ကဆံမြင်းပြိုင်ကွင်းကို အချိန် ၇ နှစ် ကြာအောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က လူဖြူများသာ သွားလာကြတဲ့ အခြားသော ကလပ်များနဲ့ မတူတာကတော့ Turf Club ဟာ နိုင်ငံခြားသား လူဖြူမဟုတ်သူများကိုပါ ဝင်ခွင့်ပေးတာပါပဲ။
အဲဒီခေတ်က အင်္ဂလိပ်အင်ဂျင်နီယာတွေဟာ မြင်းပြိုင်ကွင်းကို အာရှမှာ အခမ်းနားဆုံးဖြစ်အောင် ပုံစံထုတ်ခဲ့ပါတယ် မြင်းတွေကို ထိန်းကျောင်းတဲ့ ဇောင်းတွေ၊ ပွဲကြည့်စင်တွေနဲ့ လောင်းကြေး တွက်ချက်တဲ့ စက်ကြီးတွေကို အင်္ဂလန်ကနေ တိုက်ရိုက်မှာယူ တပ်ဆင်ခဲ့ပါတယ်။ ၁၉၂၀ ဝန်းကျင်မှာ တပ်ဆင်ခဲ့တဲ့ လောင်းကြေးတွက်စက်ကြီး (Tote) ဟာ အဲဒီခေတ်က အင်ဂျင်နီယာအတတ်ပညာရဲ့ အထွတ်အထိပ်ဖြစ်ပြီး အင်္ဂလန်က အက်စကော့ (Ascot) ကွင်းမှာ သုံးတာနဲ့ တစ်ပုံစံတည်း ဖြစ်တယ်လိုဆိုပါတယ်
ကိုလိုနီခေတ်ရဲ့စီပွားရေးဟာ ရန်ကုန်မှာစုံစည်းနေသလို အပျော်အပါးမျိုးစုံဟာလည်း ရန်ကုန်မှာ စုနေတာ ပေါ့ ထိုထဲကမှထူးထူးခြား တန်လွေ တို့ အဖောင်းတို့လို လုပ်ငန်းရှင်တွေရဲ့
မြင်းပြိုင်ကွင်းခေါ်တဲ့ကျိုက္ကဆံကွင်းမှာမြန်မာ့သမိုင်းမှာကြီးကျယ်တဲ့အထင်ကရနောက်ခံတွေအများကြီးရှိခဲ့တယ်။ဂျပန်ကျုးကျော်ထားတဲ့ဗမာပြည်ကိုကိုလိုနီအရှင်ဟောင်းအင်္ဂလိပ်က ၁၉၄၄-၄၅ ခုနှစ် မှာပြန်သိမ်းပိုက်နိုင်ခဲ့တယ်။ဒါကြောင့် "Victory Gymkhana" ခေါ်တဲ့အကအလှနဲ့ အားကစားပြိုင် ပွဲကြီးကိုကျိုက္ကဆံမြင်းပြိုင်ကွင်းမှာအုပ်ချုပ်တဲ့အင်္ဂလိပ်ကစီစဉ်ကျင်းပခဲ့တယ်။Gymkhana (ဂျင်မခါနာ) ဆိုတာကုလား(အိန္ဒိက)စကားဖြစ်ပြီးလူငယ်များအတွက်အားကစားပွဲနဲ့စုပေါင်းပဒေသာကပွဲကြီးပါဝင်တဲ့စုံညီပွဲတော်ကြီး လို့ အဓိပ္ပာယ်ရပါတယ်တဲ့။
Victory Gymakhana ခေါ် လူငယ်များအတွက် အားကစားပွဲနဲ့စုပေါင်း ပဒေသာကပွဲကြီးပါဝင်တဲ့စုံ ညီပွဲတော်ကြီးမှာ မြင်းပြိုင်ပွဲ မြင်းလှည်းပြိုင်ပွဲ နွားလှည်းပြိုင်ပွဲတွေနဲ့အ ခြားပြေးခုန်ပစ်အားကစားပြိုင်ပွဲ များကိုမြင်းပြိုင်ကွင်းမှ အကြီးအကျယ်ကျင်းပခဲ့ကြပါတယ် ဗမာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် ကိုယ်တိုင်တက်ရောက်ပြီး Grand Stand ခေါ်တဲ့ VVIP အထူးတန်းက ခြိမ့်ခြိမ့်သည်း ကျင်းပနေတဲ့ ဂျင်မခါနာပွဲတော်ကြီးကိုအားပေးခဲ့ကြပါတယ်။
အမေရိကန်လေတပ် C-46 ပို့ဆောင်ရေး လေယာဉ်ပျံကြီးက ကျိုက္ကဆံကွင်းအပေါ်အနှိမ့်ပျံပြီး ပွဲတော်ကြီးကိုဂုဏ်ပြုခဲ့ကြသလို ဘုရင်ခံကိုယ် တိုင်တက်ရောက်လို့အဲ့ဒီခေတ်အကြီးကျယ်ဆုံး ပွဲလမ်း သဘင်ကြီးတစ်ခုဖြစ်ခဲ့တယ်။
အင်္ဂလိပ်တွေ ထွက်သွားပေမဲ့ မြင်းပွဲယဉ်ကျေးမှုက ကျန်ရစ်ခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာလူမျိုးတွေကပဲ RTC ကို ဆက်လက်ဦးစီးခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာပိုင်ရှင်တွေ၊ မြန်မာဂျော်ကီတွေ ပိုမိုများပြားလာပြီး "မြင်းပွဲအောင်ဘာလေ" စနစ် ဟာလည်း အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပါတယ်။
စနေနေ့တိုင်း ကျိုက္ကဆံကွင်းဟာ လူတိုးမပေါက်အောင် စည်ကားခဲ့ပြီး ရန်ကုန်ရဲ့ စီးပွားရေး အချက်အချာတစ်ခု ဖြစ်လာခဲ့ပါတယ်။The Rangoon Gazette မှာ မြင်းပွဲနေ့အငွေ့အသက်ကို ဒီလို ဖော်ပြဖူးပါတယ် "မြင်းပွဲနေ့ဆိုလျှင် ရန်ကုန်သည် တစ်မြို့လုံး လှုပ်ခါနေသကဲ့သို့ရှိသည်။ အင်္ဂလိပ်အရာရှိတို့၏ ဖော့ဦးထုပ်ဖြူဖြူများ၊ မြန်မာသူဌေးတို့၏ ပိုးပုဆိုးရောင်စုံများနှင့် တရုတ်၊ အိန္ဒိယကုန်သည်တို့၏ ထူးခြားသော ဝတ်စုံများသည် ကွင်းပြင်တစ်ခုလုံးကို ပန်းခင်းကြီးတစ်ခုပမာ ဖြစ်စေသည်” ဟု ရည်ညွှန်း ရေးသားထားပါတယ်။
ကိုလိုနီခေတ်သာမက လွတ်လပ်ရေးရခါစ အချိန်တွေအထိ မြင်းပြိုင်ပွဲတွေဟာ အလွန် ခေတ်စားခဲ့ ပါတယ် မြင်းပြိုင်ကွင်းရဲ့ မနီးမဝေးမှာ သူဌေးကြီးတွေဟာ ခြံအကျယ်ကြီးတွေနဲ့ ပြိုင်မြင်းပေါင်းများ စွာကို မွေးမြူလေ့ကျင့်ခဲ့ကြပါတယ် အနိုင်ရတဲ့ မြင်းတွေ ၊ ဂျော်ကီ(မြင်းစီးသမား) တွေဟာအလွန် မျက်နှာပွင့်ပါသတဲ့။
ဗြိတိသျှ မှတ်တမ်းတွေအရ ရန်ကုန်မြင်းပွဲမှာ မြင်းအမျိုးအစား (၂) မျိုးကို အဓိက ခွဲခြားထားပါတယ်တဲ့
ဒါတွေကတော့ ဥရောပနဲ့ သြစတြေးလျက တင်သွင်းတဲ့ မြင်းကြီးတွေပါ။ ဒါတွေကို "အထူးတန်း" အနေနဲ့ ပြိုင်ခိုင်းပါတယ်။
ဒုတိယအနေဖြင့် ကတော့ ဒေသခံ မြန်မာမြင်း (သို့မဟုတ်) ရှမ်းမြင်းတွေပါ။ အင်္ဂလိပ်တွေက မြန်မာမြင်းငယ် (Ponies) တွေရဲ့ သန်စွမ်းမှုနဲ့ ဇွဲရှိမှုကို အထူးတလည် မှတ်တမ်းတင်ခဲ့ကြပါတယ်။ "အရွယ်အစား သေးပေမဲ့ စိတ်ဓာတ်ကတော့ ခြင်္သေ့လိုပဲ" လို့ မှတ်တမ်းတွေမှာ တင်စားထားပါတယ်။
၁၉၅၀ ဝန်းကျင်က မြင်းပွဲသွားကြည့်တာဟာ အပန်းဖြေရုံသက်သက်မဟုတ်ဘဲ High Society လို့ခေါ်တဲ့ အထက်တန်းလွှာတွေရဲ့ ဆုံရပ်တစ်ခုပါ အမျိုးသားတွေက တိုက်ပုံ၊ ရွှေတဆုပ် ဘန်ကောက်ပိုးလုံချည် သပ်သပ်ရပ်ရပ်နဲ့ လာတတ်ကြသလို၊ အနောက်တိုင်းဝတ်စုံ အပြည့်အစုံနဲ့ လာသူတွေလည်း ရှိပါတယ် အမျိုးသမီးတွေကလည်း အလှဆုံး နိုင်လွန်ဇာ ပါးပါးကြည်ကြည် အင်္ကျီတွေနဲ့ ခေတ်ဆန်ခဲ့ကြတာပေါ့
နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ် ဦးနု နဲ့ နိုင်ငံခြားသံတမန်တွေ ကိုယ်တိုင် မြင်းပွဲတွေကို တက်ရောက်လေ့ရှိပြီး ဂုဏ်ထူးဆောင်ဆုတွေ ပေးအပ်လေ့ရှိတယ်လို့လဲ မှတ်သားရပါတယ်နာမည်ကြီး အင်္ဂလိပ်စာရေးဆရာ Norman Lewis လို ပုဂ္ဂိုလ်မျိုးတွေက သူတို့ရဲ့ ခရီးသွားမှတ်တမ်းတွေမှာ ၁၉၅၀ ဝန်းကျင် ရန်ကုန်ရဲ့ အငွေ့အသက်ကို ဒီလိုရေးသားခဲ့ဖူးပါတယ်။
"နိုင်ငံရေးတွေ ဘယ်လိုပဲ ရှုပ်ထွေးနေပါစေ၊ စနေနေ့ မြင်းပွဲနေ့ ရောက်ပြီဆိုရင်တော့ ရန်ကုန်သားတွေဟာ အရာအားလုံးကို မေ့ပစ်ပြီး မြင်းခွာသံနောက်မှာ ဘဝကို ပျော်ပျော်ပါးပါး မြှုပ်နှံထားကြတယ်" လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် စနေနေ့ မွန်းလွဲပိုင်း တွေမှာ ကျင်းပလေ့ရှိပါတယ်။ ရန်ကုန်မြို့ထဲကနေ ကျိုက္ကဆံကွင်းကို သွားတဲ့ ဘတ်စ်ကားတွေ၊ တက္ကစီတွေဟာ လူတွေနဲ့ ပြည့်နှက်နေပြီး မြင်းပွဲအဖြေကို စောင့်ကြည့်နေတဲ့ ရေဒီယိုနားထောင်သူတွေကလည်း မြို့အနှံ့မှာပါ။
မြင်းပွဲနေ့ဆိုရင် ကျိုက္ကဆံကွင်းတစ်ဝိုက်မှာ ကားတွေ၊ ရထားတွေနဲ့ လာကြသူတွေ ပြည့်နှက် နေတတ်ပါတယ်။ မြင်းဒိုင်တွေဆီက မြင်းအခြေအနေ (Tips) တွေကို နားစွင့်နေကြတဲ့ "မြင်းဝါသနာအိုး" တွေရဲ့ စကားသံတွေဟာ ရန်ကုန်ရဲ့ စနေ၊ တနင်္ဂနွေ ညနေခင်းတွေကို ပိုပြီး သက်ဝင်စေခဲ့တာပါ
အင်္ဂလိပ်ခေတ်က ကျန်ခဲ့တဲ့ Rangoon Turf Club ရဲ့ Clubhouse ဟာ ၁၉၅၀ ကျော်အထိ အနောက်တိုင်းစတိုင် အလွန်ကျန်ပါသေးတယ်။ ဂျင် (Gin & Tonic) သောက်ရင်း မြင်းပွဲကြည့်တဲ့ အစဉ်အလာဟာ အင်္ဂလိပ်တွေ ထွက်သွားပြီးနောက်ပိုင်းမှာလည်း လူကုံထံ မြန်မာတွေကြား ကျန်ရစ် ခဲ့ပါတယ်။
အဲဒီအချိန်က Rangoon Turf Club (RTC) ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံး မြင်းပြိုင်ကွင်းစာရင်းဝင်ပြီး ပွဲကြည့်စင်ကြီးတွေက အထပ်လိုက်ရှိပြီး အထူးတန်းတွေမှာဆိုရင် အနောက်တိုင်းကဲ့သို့ ဝန်ဆောင်မှုအဖြစ် လက်ဖက်ရည်၊ မုန့်နဲ့ အဖျော်ယမကာတွေ ပါရရှိပါတတ် သေးပါတယ်
မြင်းပြိုင်လမ်းကြောင်း (Track) ကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းထားပြီး မြင်းခွာသံတွေဟာ တစ်ကွင်းလုံး ဟိန်းနေတတ်ပါတယ်။ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ စော်ဘွားတွေနဲ့ ဝန်ကြီးဟောင်းတွေဟာ ကိုယ်ပိုင်မြင်းဇောင်းတွေ ထားတတ်ပါတယ် သူတို့ရဲ့ မြင်းက ပြိုင်ပွဲမှာ နိုင်ရင် အောင်ပွဲခံပြီး သူတို့ရဲ့ကြွယ်ဝမှုနဲ့ ဂုဏ်အင်္ဂါကိုဖော်ညွန်းတာပါပဲ
ထိူချိန်က မြင်းစီးသူ (ဂျော်ကီ) တွေဟာလည်း အဲဒီခေတ်က ကြယ်ပွင့် (Stars) တွေလိုပါပဲ။ နာမည်ကြီး ဂျော်ကီတွေဆိုရင် ပရိသတ်က တစ်ခဲနက် အားပေးကြပြီး သူတို့စီးတဲ့မြင်းကိုပဲ လောင်းကြသူတွေ အများကြီးပါ ဂျော်ကီတွေက အရောင်စုံ ပိုးအင်္ကျီ (Silks) တွေ ဝတ်ရပါတယ် မြင်းရှင် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အရောင်နဲ့ တံဆိပ်ရှိပါတယ်
ဂျော်ကီတွေက မြင်းကို ဘယ်အချိန်မှာ အရှိန်တင်ရမလဲ၊ ဘယ်အချိန်မှာ အားချန်ထားရမလဲဆိုတာ "အကွက်" ချပြီး စီးရတာပါ။ ပရိသတ်ကလည်း ဂျော်ကီရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး "ဒီဂျော်ကီကတော့ ကလိန်ကကျစ်များတယ်" ဒါမှမဟုတ် "ဒီဂျော်ကီကတော့ ဖြောင့်တယ်" စသဖြင့် ဝေဖန်ကြပါတယ်။
၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ တော်လှန်ရေးကောင်စီက လောင်းကစားမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြင်းပြိုင်ပွဲတွေကို ရပ်နားလိုက်ပါတယ်။ မြင်းမြင်းလောင်းဝါသနာပါတဲ့ ဗိုလ်နေဝင်း က မြန်မာပြည်က မြင်းပွဲတွေကို ပိတ်ပြီး နိုင်ငံခြားမှာဆေးကုမယ် အကြောင်းပြပြီး မြင်းသွားလောင်းနေလေရဲ့ အဲဒီအခါမှာ ကျိုက္ကဆံကွင်းကြီးဟာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး မြင်းဇောင်းတွေလည်း ပျောက်ကွယ် သွားခဲ့ပါတယ်။ ဒါကြောင့် လူကြီးတွေက ၁၉၅၀ ကို "မြင်းပွဲတွေရဲ့ နောက်ဆုံးရွှေခေတ်" လို့ လွမ်းတကြတာပေါ့
မြင်းပွဲ မန်ဘာလူကြီးတွေရွေးတာကိုလည်း ထိုခေတ်က အရမ်းစိတ်ဝင်းစားကြပါတယ် ၁၉၆၀-၆၁ က ဒါရိုက်တာလူကြီးတွေကတော့ ဦးဖိုးဗြော့၊ စီစီခူး၊ ဦးအောင်ခိုင်၊ ဒေါက်တာဘသန်း ၊ ဗိုလ်ရဲလှ၊ ဦးစံလွင်၊ ဦးကျော်စိန်၊ ဦးစမ်းမောင်၊ ဦးထွန်းတင်၊ ဒေါက်တာထွန်းမင်း၊ ဒေါက်တာကိုကြီး၊ ဦးထွန်းဦးတို့ ဖြစ်ကြပါသတဲ့
မြင်းပွဲဒါရိုက်တာရွေးချယ်ပုံကတော့ မြင်းပြိုင်ကွင်းရှိ လဖက်ရည်ခန်းမဆောင်မှာ ကျင်းပပြီ အသင်းသား ၄၀၀ တက်ရောက်ကြပါတယ် ပုံမှန်ကတော့ သဘာပတိကို ဦးဖိုးဗြော့ကလုပ်၍ ၁၉၆၀ ခုမှာတော့ ဘဘာပတိအဖြစ် တရားဝန်ကြီးဦးအောင်ခိုင် သဘာပတိအဖြစ်ဦးစီးပါတယ် အစည်းဝေးမှာ ၁၉၅၉-၆၀ မြင်းအသင်း ၏အုပ်ချုပ်ရေးအဖွဲ့ နှင့်စတူးဝပ်လူကြီးမင်းများက နှစ်ပတ်လည် အစီရင်ခံစာတင်သွင်း ပြီး လူကြီးများကိုရွေးချယ်ပါတယ်
မြင်းပွဲဝါသနာပါတဲ့တရုပ်တွေထဲမှာ လွှတ်တော်တရားဝန်ကြီး အယ်ချွန်းဖောင် ဟာ အလုပ်ထဲစိတ်ပိသမျှ မြင်ပွဲသွားကြည့်ပြီး ဖြေဖြေဖျာက်တတ်ပါသေးတယ် နန်ယန်ကျောင်းသားတွေ ကျောင်းပြေးပြီး မြင်းပွဲ သွာခိုးကြည့်တာကို သူ့တို့ထက်အရင် နေမကောင်းလို့ခွင့်တိုင်ထားတဲ့ ကျောင်းဆရာနဲ့ တိုးလို့ ဆရာကရှက်စနိုးနဲ့ တူတူကြည့်ကြတာပေါ့ကွာလို့ ပြောတာကို ဦးဘန်လို့ ခေါ်တဲ့ တန်ဘန်ဟွင်းက ဟာဟနှောပြောပြပါတယ်
မဆလခေတ် (၁၉၇၄-၁၉၈၈) အရောက်မှာတော့ ဗိုလ်နေဝင်းက သူမြင်းလောင်းဖူးတဲ့ ကျိုက္ကဆံကွင်းကြီး မှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဋ္ဌာနဆိုင်ရာ ပြခန်းများ ကိုမီးရောင်စုံလင်းထိန်နေအောင်ထွန်းပြီး ကျင်းပခဲ့ကြဖူးတယ် မြန်မာတပြည်လုံးက အကြီးဆုံး ချားရဟတ်ကြီးတွေကို မီးတွေထိန်နေအောင် ထွန်းပြီးလူတွေကျိတ်ကျိတ်တိုးအပျော်စီးခဲ့ကြတယ်လို သိမှီသူတွေကဆိုပါတယ်
မဆလခေတ်က ရန်ကင်းကိုဖြတ်ပြီး လက်ဆင့်ကမ်းသယ်ယူလာတဲ့ ပြည်ထောင်စုအလံတော်ဟာ ကျိုက္ကဆံကွင်း လူထုဟောပြောပွဲစင်မြင့်ပေါ်မှ နောက်ဆုံးနေရယူခဲ့တယ် မဆလဗိုလ်နေဝင်း အစိုးရ၏ နှစ်တိုနှစ်ရှည်စီမံကိန်းဆိုပြီး ဝန်ကြီးဌာနတွေရဲ့စီမံကိန်းအမျိုးမျိုးကို ကျိုက္ကဆံကွင်းမှာ သရုပ်ပြပုံစံနဲ့ငွေ အများကြီးအကုန်ခံပြီး ပြခန်းနဲ့စည်ကားအောင် ဝါဒဖြန့်ခဲ့ကြတယ် သာမန်လူ ဝယ်ယူခွင့်မရှိတဲ့ အစိုးရစက်ရုံအလုပ်ရုံထုတ်ကုန် ပစ္စည်းအချို့ကို ပြည်သူကိုတန်းစီစနစ်နဲ့ ဦးရာလူ ရောင်းပေးခဲ့ကြသလို တန်းစီစရာမလိုတဲ့ VIP များလည်းထုံးစံအတိုင်း ရှိကြတယ် ပြန်ရောင်းစားရင် ကိုက်လို့သာမန် ပြည်သူတွေ ကျိတ်ကျိတ်တိုးဝယ်ယူပြီး ပြန်ရောင်းစားတဲ့ မှောင်ခို အားပေးခေတ် တခေတ်ဖြစ်ခဲ့ပါ တယ်တဲ့
နာမည်ကြီးအနုပညာရှင်အကုန်နီးပါးပါတဲ့ရုပ်ရှင်ဂီတသဘင်ဖျော်ဖြေပွဲကိုမဆလခေတ်ရေပေါ်ဆီလူတန်းစားအတွက်အခမဲ့ဖျော်ဖြေပေးခဲ့ကြတယ်။နာမည်ကြီးဇတ်သဘင်ဖျော်ဖြေတဲ့နေ့ဆိုရင်လက်မှတ်မရှိလို့ရုံထဲဝင်ခွင့်မရတဲ့သာမန်လူတန်းစားဟာဇတ်ရုံထဲကပြောသံငိုသံကိုပွဲခင်းအပြင်မှာ ရသေ့စိတ်ဖြေ ထိုင်နာ းထောင်ပြီးကျေနပ်ခဲ့ကြရလေသည့်ဟု ကိုလွင်ဦး ပိုစ်မှာရေးသားဖူးပါတယ်
ကိုးကား
ရန်ကုန်ဂေဇက်တီယား
မြန်မာ့အလင်း ၁၉၆၀
လွင်ဦး(ရန်ကင်း) ပိုစ်တခု
အင်တာနက်ပေါ်မှ မြင်ပြိုင်ကွင်း နှင့်ပတ်သတ်သည့် အချက်အလက်များ
#မြင်ပြိုင်ကွင်းများ #ကိုလိုနီခေတ် #ပါလီမန်ဒီမိုကရေစီခေတ် #တရုပ်လူမျိုးများ
#မြန်မာပြည်တရုတ်နွယ်ဖွားများဒီဂျစ်တယ်မော်ကွန်းတိုက်