Tyra Art Gallery by Daniel

Tyra Art Gallery by Daniel Abstract and contemporary art gallery

Colour Theory..
24/03/2026

Colour Theory..

ပန်းချီဆွဲသူတိုင်း မဖြစ်မနေသိထားသင့်တဲ့Color Theoryအကြောင်းတစေ့တစောင်း
=================================================
ပန်းချီဆွဲဖို့ စိတ်ကူးပေါက်လာတဲ့အခါ အရောင်စုံဆေးဘူးလေးတွေကို ဝယ်၊ စုတ်တံလေးကိုင်ပြီး စိတ်ကူးထဲက ပုံရိပ်တွေကို canvas/paperစပေါ်မှာ အသက်သွင်းဖူးကြမှာပါ။ ဒါပေမဲ့ အရောင်နှစ်မျိုးသုံးမျိုးလောက်ကို ရောစပ်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ လှပတောက်ပတဲ့ အရောင်လေးတွေအစား ရွှံ့ရောင်လိုလို၊ မီးခိုးရောင်လိုလို ညစ်ထေးထေးအရောင်တွေ ထွက်လာလို့ စိတ်ပျက်ခဲ့ရတဲ့ အတွေ့အကြုံမျိုး ရှိဖူးပါသလား။
ဈေးကြီးတဲ့ဆေးဘူးတွေအများကြီးဝယ်ထားပေမဲ့ ကိုယ်ဆွဲလိုက်တဲ့ပန်းချီကားက အသက်မဝင်သလို ခံစားနေရပြီဆိုရင်တော့ သင်ဟာအနုပညာရှင်တွေရဲ့ အပြင်းထန်ဆုံး လက်နက်တစ်ခုဖြစ်တဲ့ "Color Theory"ကိုသေချာနားလည်ဖို့ လိုအပ်နေပြီဆိုတာသေချာပါတယ်။ ပန်းချီပစ္စည်းတွေနဲ့နှစ်ပေါင်းများစွာထိတွေ့လာခဲ့တဲ့အတွေ့အကြုံအရပြောရရင် အရောင်ဆိုတာရမ်းသန်းသုံးရတဲ့အရာမဟုတ်ဘဲ တိကျတဲ့သိပ္ပံနည်းကျတွက်ချက်မှုတွေ၊ ခံစားချက်တွေ ပေါင်းစပ်ထားတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့Beginnerတွေကနေ၊ Intermediateအဆင့်ပန်းချီဝါသနာရှင်တွေအထိ အရောင်တွေကို ဘယ်လိုနိုင်နိုင်နင်းနင်းကိုင်တွယ်ရမလဲဆိုတာကို နားလည်လွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
+++++++++++++++++++++++++
၁။ အနုပညာရှင်တိုင်း ကြုံတွေ့ရလေ့ရှိတဲ့ အဓိကပြဿနာ

Beginnerတွေအများဆုံးလုပ်မိတဲ့ အမှားကတော့ "အရောင်တိုင်းကို အဆင်သင့် ဝယ်သုံးချင်တာ" ပါပဲ။ ကောင်းကင်ပြာဆွဲဖို့ အပြာရောင်ဆေးဘူး၊ သစ်ပင်ဆွဲဖို့ အစိမ်းရောင်ဆေးဘူး၊ နေမင်းကြီးဆွဲဖို့ အဝါရောင်ဆေးဘူး စသဖြင့် အရောင်ပေါင်း (၅၀) လောက်ရှိတဲ့ ဆေးဘူးစုံတွေကို ဝယ်ကြပါတယ်။ 😱 ဒါပေမဲ့ တကယ်တမ်း ဆွဲကြည့်တဲ့အခါ ပန်းချီကားကFlat ဖြစ်နေတတ်ပါတယ်။ အလင်းအမှောင် (Depth) မရှိဘူး၊ အရောင်တွေက တစ်ခုနဲ့တစ်ခု မလိုက်ဖက်ဘူး (Harmonies မဖြစ်ဘူး)၊ အထူးသဖြင့် အရိပ် (Shadows) တွေကို ဆွဲတဲ့အခါ အမည်းရောင် (Black) ကို တိုက်ရိုက်ယူသုံးလိုက်တဲ့အတွက် ပန်းချီကားတစ်ခုလုံးကသဘာဝနဲ့ကွဲလွှဲပြီး အသက်မဲ့သွားတတ်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဆေးရဲ့အရည်အသွေးကြောင့်မဟုတ်ဘဲအရောင်တွေ တစ်ခုနဲ့တစ်ခု ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ Color Theory ကို သေချာမသိသေးလို့ပဲ ဖြစ်ပါတယ်။
--------
၂။ Color Theory ဆိုတာဘာလဲ။

Color Theoryဆိုတာ ရိုးရိုးလေးပြောရရင် အရောင်တွေကို စနစ်တကျ ရောစပ်ခြင်းနဲ့ တွဲဖက်အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်ပါပဲ။ အပေါ်မှာ ပြသထားတဲ့ Color Wheel (အရောင်စက်ဝန်း) ပုံလေးကို ကြည့်လိုက်ပါ။ ဒီစက်ဝန်းလေးက ပန်းချီဆွဲသူတွေအတွက်တော့ အိမ်ဆောက်ရာမှာ သုံးတဲ့ ပေကြိုး၊ ချိန်သီးတွေလိုပဲ အရေးကြီးတဲ့ လက်နက်တစ်ခုပါ🛠️။
ဒီစက်ဝန်းထဲမှာ အရောင်တွေကို အဓိက အုပ်စု (၃) စု ခွဲထားပါတယ်။
***Primary Colors (အခြေခံအရောင်များ) -
အနီ၊ အဝါ၊ အပြာ🔴🟡🔵:
ဒီအရောင် ၃ မျိုးက မိခင်အရောင်တွေပါ။ တခြားဘယ်အရောင်ကိုမှ ရောစပ်ပြီး ဒီအရောင် ၃ မျိုးကို ဖန်တီးလို့ မရပါဘူး။ ဒါပေမဲ့ ဒီအရောင် ၃ မျိုးရှိရုံနဲ့ ကျန်တဲ့ အရောင်ပေါင်းစုံကို ဖန်တီးနိုင်ပါတယ်။
***Secondary Colors (ဒုတိယအဆင့် အရောင်များ) -
လိမ္မော်၊ အစိမ်း၊ ခရမ်း🟠🟢🟣 :** Primary Color နှစ်မျိုးကို ဆတူရောစပ်လိုက်တဲ့အခါ ထွက်လာတဲ့ အရောင်တွေပါ။ (ဥပမာ - အဝါ + အနီ = လိမ္မော်၊ အဝါ + အပြာ = အစိမ်း၊ အနီ + အပြာ = ခရမ်း)။
***Tertiary Colors (တတိယအဆင့် အရောင်များ)-
** Primary Colorတစ်ခုနဲ့ ဒုတိယအဆင့်အရောင်ဖြစ်လာတဲ့(မူလအရောင်၂ခုနှင့် ပြန်ပေါင်းခြင်း)ကတတိယ အရောင်ရတယ်။ (ဥပမာ မူလရောင် အဝါ နဲ့အနီ ပေါင်းပြီး ဒုတိယအရောင်ဖြစ်တဲ့လိမ္မော်ရတယ်။ အဲ့ဒုတိယအရောင်ဖြစ်တဲ့လိမ္မော်နဲ့ မူလအရောင်တွေပြန်ပေါင်းရင် ရလာတဲ့ လိမ္မော်ဝါ
လိမ္မော်နီစတာတွေက တတိယအဆင့်အရောင်တွေပါ)။
ဒါ့အပြင် အရောင်တွေကို သူတို့ပေးစွမ်းတဲ့ ခံစားချက်ပေါ်မူတည်ပြီး **Warm Colors (အနွေးရောင် - အဝါ၊ လိမ္မော်၊ အနီ)** နဲ့ **Cool Colors (အအေးရောင် - အစိမ်း၊ အပြာ၊ ခရမ်း)** ဆိုပြီးလည်း ခွဲခြားထားပါသေးတယ်။
--------
၃။ ပန်းချီဆရာတွေက Color Theory ကို ဘာကြောင့် အသုံးပြုကြတာလဲ။

တကယ်ကျွမ်းကျင်တဲ့ ပန်းချီဆရာတွေက Canvasစပေါ်ကို ဆေးတွေ ရမ်းသန်းမခြယ်ပါဘူး။ သူတို့က ကြည့်ရှုသူရဲ့ မျက်စိကို ဘယ်နေရာကို သွားစေချင်လဲ၊ ဘယ်လိုခံစားချက်မျိုး ပေးချင်လဲဆိုတာကို Color Theory သုံးပြီး ကြိုးကိုင်ကြတာပါ။
***အာရုံစူးစိုက်မှု(Focal Point)ဖန်တီးရန်: ပန်းချီကားတစ်ခုလုံးကို အအေးရောင် (ဥပမာ- အပြာ၊ အစိမ်း)တွေချည်း သုံးထားပြီး အရေးကြီးတဲ့ နေရာလေးတစ်ခုကိုပဲ အနွေးရောင် (အနီ သို့မဟုတ် လိမ္မော်) လေး ချယ်လိုက်တဲ့အခါ ကြည့်သူရဲ့မျက်စိက အဲဒီ အနွေးရောင်ဆီကို အလိုလို ရောက်သွားပါတယ်။
***ခံစားချက် (Mood) ဖန်တီးရန်🎭: ဝမ်းနည်းကြေကွဲမှု၊ အထီးကျန်မှုတွေကို ပြချင်ရင် အပြာရောင်ဖျော့ဖျော့တွေ၊ မီးခိုးရောင်တွေကို သုံးပြီး၊ တက်ကြွပျော်ရွှင်မှုကို ပြချင်ရင် အဝါနဲ့ လိမ္မော်ရောင်တွေကို သုံးလေ့ရှိပါတယ်။
--------
၄။ Color Theoryကို နားလည်ခြင်းရဲ့ အဓိက အကျိုးကျေးဇူးများ။

1. ငွေကုန်ကြေးကျ သက်သာခြင်း💰: အရောင်တွေအများကြီး ဝယ်စရာမလိုတော့ပါဘူး။ အရည်အသွေးကောင်းတဲ့ အခြေခံအရောင် (Primary Colors) အနည်းငယ်နဲ့ အဖြူ၊ အမည်း ရှိရုံနဲ့တင် လိုချင်တဲ့အရောင်ပေါင်း ထောင်သောင်းချီ ဖန်တီးနိုင်ပါတယ်။
2. အရောင်များ ညစ်ထေးမသွားခြင်း✨: (Avoiding Muddy Colors): ဘယ်အရောင်နဲ့ ဘယ်အရောင် ရောရင် ရွှံ့ရောင်ဖြစ်သွားတတ်လဲဆိုတာကို ကြိုသိတဲ့အတွက် ပန်းချီကားက အမြဲတမ်း တောက်ပလတ်ဆတ်နေပါလိမ့်မယ်။
3. အလင်းအမှောင်(Depth and Volume)ကို ပီပြင်စွာ ဖော်ပြနိုင်ခြင်း🧊 : ဥပမာ - အရာဝတ္ထုတစ်ခုကို ဆွဲတဲ့အခါ အလင်းကျတဲ့ဘက်ကို အနွေးရောင် (Warm Color) သုံးပြီး၊ အရိပ်ကျတဲ့ဘက်ကို အအေးရောင် (Cool Color) သုံးလိုက်ခြင်းအားဖြင့် ပုံက 3D လို အသက်ဝင်လာပါတယ်။
--------
၅။ Color Theory ကို လက်တွေ့ ဘယ်လိုအသုံးပြုမလဲ?

ဒီအဆင့်မှာတော့ ပုံထဲမှာပါတဲ့အရောင်တွဲဖက်မှု နည်းစနစ်များ (Color Harmonies)ကို ကိုယ့်ပန်းချီကားမှာ ဘယ်လိုသုံးရမလဲဆိုတာ လေ့လာကြည့်ရအောင်။
Step 1: ဆန့်ကျင်ဘက်အရောင်များကို တွဲဖက်သုံးခြင်း(Complementary Colors)
Color Wheelမှာ တစ်ခုနဲ့တစ်ခု မျက်နှာချင်းဆိုင် တည်ရှိနေတဲ့ အရောင်တွေပါ။ (ဥပမာ - အနီ နဲ့ အစိမ်း၊ ခရမ်း နဲ့ အဝါ၊ အပြာ နဲ့ လိမ္မော်စသဖြင့်ပေါ့)။
ဘယ်လိုသုံးမလဲ: ဒီအရောင်နှစ်ခုကို ဘေးချင်းယှဉ်ချယ်လိုက်ရင် အရမ်းကိုတောက်ပပြီး မျက်စိဖမ်းစားနိုင်ပါတယ်။ (ဥပမာ - စိမ်းလန်းနေတဲ့ သစ်ပင်တွေကြားထဲက အနီရောင်ခေါင်မိုးလေး)။ ဒါပေမဲ့ ဒီအရောင်နှစ်ခုကို ရောစပ်လိုက်ရင်တော့အရောင်က မှိုင်းသွားပြီး အညိုရောင်၊ မီးခိုးရောင်လေးတွေ ထွက်လာပါတယ်။ ကျွမ်းကျင်တဲ့ ပန်းချီဆရာတွေက အရိပ် (Shadows) တွေချယ်တဲ့အခါ အမည်းရောင်ကို မသုံးဘဲ ဒီလို ဆန့်ကျင်ဘက်အရောင်တွေကို ရောစပ်ပြီး လှပတဲ့ အရိပ်အရောင်တွေကို ဖန်တီးကြပါတယ်။
Step 2: အနီးစပ်ဆုံးအရောင်များကို တွဲဖက်သုံးခြင်း (Analogous Colors)
Color Wheel မှာ တစ်ခုနဲ့တစ်ခု ဘေးချင်းကပ်လျက် ရှိနေတဲ့ အရောင်(၃) မျိုး သို့မဟုတ် (၄) မျိုးပါ။ (ဥပမာ - အဝါ၊ အဝါ-အစိမ်း၊ အစိမ်း)။
ဘယ်လိုသုံးမလဲ: သဘာဝရှုခင်းတွေ၊ တည်ငြိမ်အေးချမ်းတဲ့ ပုံတွေဆွဲတဲ့အခါ အရမ်းအသုံးဝင်ပါတယ်။ ကြည့်ရတာ မျက်စိအေးပြီး သဟဇာတဖြစ်တဲ့ (Harmonious) ခံစားချက်ကို ပေးပါတယ်။
Step 3: အရောင်တစ်မျိုးတည်းကို အနုအရင့် ကစားခြင်း (Monochromatic)
အရောင်တစ်မျိုးတည်းကိုပဲ အဖြူရောင် (Tints) ဒါမှမဟုတ် အမည်းရောင် (Shades) ရောစပ်ပြီး အနုအရင့် (Value) ပြောင်းလဲရေးဆွဲတာပါ။
ဘယ်လိုသုံးမလဲ: Beginnerတွေအတွက် အလင်းအမှောင် (Value) သဘောတရားကို လေ့ကျင့်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ပုံတစ်ပုံမှာ အလင်းအမှောင် မှန်ကန်နေရင် အရောင်တစ်မျိုးတည်း သုံးထားရင်တောင် အရမ်းကို လှပပြီး အသက်ဝင်နေတတ်ပါတယ်။
--------
၆။ Kar Kar Gyi Pro Tips 💡
​Pigment Bias နှင့် အရောင်အပူအအေး (Color Temperature) ကို နားလည်ပါ:
ဆေးဘူးတွေပေါ်မှာ "အနီရောင်" လို့ ရေးထားတိုင်း အတူတူပဲလို့ မထင်ပါနဲ့။ တချို့ အနီရောင် (ဥပမာ - Cadmium Red) တွေက အဝါဘက်ကို သန်းတဲ့အတွက် Warm Red (အနွေးရောင်) ဖြစ်ပြီး၊ တချို့ အနီရောင် (ဥပမာ - Alizarin Crimson) တွေက အပြာဘက်ကို သန်းတဲ့အတွက် Cool Red (အအေးရောင်) ဖြစ်ပါတယ်။
​သန့်စင်တဲ့အရောင် (Pure Color) တွေ ရဖို့အတွက် ဒီအပူအအေး သဘောတရားက အရမ်းအရေးကြီးပါတယ်။ ဥပမာ - လှပပြီး သန့်စင်တဲ့ ခရမ်းရောင်လေး ရချင်ရင် Cool Red နဲ့ Cool Blue ကို စပ်မှရပါမယ်။ အကယ်၍ Warm Red (အဝါဓာတ်ပါနေသောအနီ) နဲ့ သွားစပ်မိရင် အဝါ၊ အနီ၊ အပြာ ၃ ရောင်ပေါင်းမိသလို ဖြစ်သွားပြီး အရောင်က သန့်စင်မနေတော့ဘဲ ညစ် (Muddy) သွားပါလိမ့်မယ်။
Palette ပေါ်မှာတင် မဆုံးဖြတ်ပါနဲ့: ဆေးစပ်တဲ့အခါ Palette (ဆေးစပ်ပြား) ပေါ်က အရောင်နဲ့ Canvas/Paperပေါ် ရောက်သွားတဲ့ အရောင်က အနီးနားမှာရှိတဲ့ တခြားအရောင်တွေကြောင့် ကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် စက္ကူအကြမ်းလေးတစ်ခုပေါ်မှာ အရင် စမ်းသပ်ချယ်ကြည့်ပါ။
အလင်းအမှောင်(Value)က အရောင်(Color)ထက် ပိုအရေးကြီးပါတယ်: မိတ်ဆွေသုံးလိုက်တဲ့ အရောင်က နည်းနည်းလွဲနေရင်တောင် အလင်းနဲ့ အမှောင်တန်ဖိုး (Value) မှန်ကန်နေရင် အဲဒီပန်းချီကားက ကြည့်ကောင်းနေမှာပါပဲ။
--------
၇။ Beginnerတွေ အမှားများလေ့ရှိတဲ့အချက်များ ⚠️

ဆေးတွေကို အလွန်အကျွံရောစပ်ခြင်း: အရောင်(၃)မျိုးထက်ပိုပြီး ရောစပ်မိတဲ့အခါ အရောင်တွေက တဖြည်းဖြည်း မွဲခြောက်လာပြီး အသက်မဲ့သွားတတ်ပါတယ်။ လိုချင်တဲ့အရောင်ရပြီဆိုတာနဲ့ ဆက်မမွှေဘဲ ရပ်လိုက်ပါ။
အမည်းရောင် (Black) ကို အလွယ်တကူ သုံးခြင်း: အရိပ်တွေချယ်ဖို့၊ အရောင်တွေကို ရင့်သွားအောင်လုပ်ဖို့ အမည်းရောင်ကို တိုက်ရိုက်ယူသုံးတာဟာ ပန်းချီကားရဲ့ တောက်ပမှုကို သေစေပါတယ်။ အဲဒီအစား ဆန့်ကျင်ဘက်အရောင် (Complementary Colors) တွေကို ရောစပ်ပြီး အမှောင်ရောင်တွေကို ဖန်တီးကြည့်ပါ။
အရောင်တွေကို စည်းကမ်းမရှိ အသုံးပြုခြင်း: ပန်းချီကားတစ်ခုမှာ အဓိကလွှမ်းမိုးမယ့်အရောင် (Dominant Color)တစ်ခုကိုမရွေးချယ်ဘဲ တွေ့ရာအရောင်တွေအကုန်ထည့်သုံးတာက ကြည့်ရှုသူကို မျက်စိနောက်စေပါတယ်။
--------
၈။ နိဂုံးချုပ်အနေနဲ့ -

Color Theoryဆိုတာ အစပိုင်းမှာတော့ စည်းမျဉ်းတွေများလွန်းတယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်း နားလည်သွားတဲ့အခါ သင့်ကိုကန့်သတ်ထားတဲ့ ဘောင်တွေမဟုတ်ဘဲ သင့်စိတ်ကူးတွေကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးမယ့်အတောင်ပံတွေဆိုတာ သိလာရပါလိမ့်မယ်။
"Learn the rules like a pro, so you can break them like an artist"ဆိုတဲ့ စကားလိုပဲ၊ ဒီသီအိုရီတွေကို ကျေညက်နေအောင် အရင်လေ့ကျင့်ပါ။ ပြီးမှမိတ်ဆွေရဲ့ကိုယ်ပိုင်စတိုင်လ်နဲ့ ဖောက်ထွက်ပြီး အရောင်တွေကို ကစားဖို့စဉ်းစားစေချင်ပါတယ်ဗျ။
ဒီနေ့ပဲ သင့်ရဲ့ဆေးဘူးလေးတွေကိုထုတ်၊ Color Wheelလေးကို ဘေးမှာချပြီး အရောင်အသစ်လေးတွေ စမ်းသပ်ရောစပ်ကြည့်လိုက်ရအောင်ပါ။
မိတ်ဆွေအနေနဲ့ဒီဆောင်းပါးကိုဖတ်ပြီးနောက်ပိုင်းမှာ ပန်းချီနဲ့ပတ်သက်ပြီး တခြားသိချင်တဲ့ အကြောင်းအရာလေးတွေ ရှိသေးတယ်ဆိုရင်လည်း အောက်ကCommentမှာ မေးသွားလို့ရပါတယ်ခင်ဗျာ။ 👇
ဒီဆောင်းပါးလေးက မိတ်ဆွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်လိုပဲ ပန်းချီဝါသနာပါတဲ့ သူငယ်ချင်းမိတ်ဆွေတွေလည်း ဒီအသိပညာ ဗဟုသုတလေးတွေကို သိရှိသွားအောင် ဆောင်းပါး​လေးကို Like & Share 👍📲 လုပ်ပြီး ဝေမျှပေးဖို့ မမေ့နဲ့နော်။
နောက်ထပ် ပန်းချီနဲ့ပတ်သက်တဲ့ ဘယ်လို ဗဟုသုတရစရာ အကြောင်းအရာကောင်းတွေ ထပ်လာဦးမလဲဆိုတာကိုလည်း ဆက်ဆက် စောင့်ကြည့်ပေးပါဦး👀✨


Basic elements in painting..
18/10/2025

Basic elements in painting..

ပန်းချီမှာမသိမဖြစ် Element 7မျိုးဆိုတာဘာလဲ?
===============================
အားလုံးဘဲ....မင်္ဂလာပါ။ ဒီတစ်ပါတ်တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ပန်းချီမှာမသိမဖြစ်သိထားရမယ့် 7 elementsအကြောင်းပဲဖြစ်ပါတယ်။ 7 elements ဆိုတာ ပန်းချီရေးဆွဲသူတိုင်း စတင်လေ့လာရာကစလို့ Professional ဖြစ်သည်ထိ ပန်းချီကားတိုင်းမှာပါဝင်နေမှာပဲဖြစ်ပါတယ်။ အဲ့တာတွေကတော့ -
1. Line
2. Shape
3. Form
4. Value
5. Color
6. Texture
7. Space စတဲ့ ပန်းချီအခြေခံ ၇ချက်ပဲဖြစ်ပါတယ်။
ပန်းချီကားတိုင်းမှာ ထိုအချက်များထဲမှအနည်းဆုံး(၂)ချက် သို့မဟုတ် အကုန်လုံးပါဝင်တတ်ပါတယ်။
ဒီအချက်တွေဟာ တစ်ခုနှင့်တစ်ခု ဘယ်လိုချိတ်ဆက်နေသလဲဆိုတာနားလည်ထားခြင်းဟာ သင့်ရဲ့ပန်းချီကားကို ပိုမိုအချိတ်အဆက်ရှိရှိ ပေါင်းစပ်ဖွဲ့စည်းနိုင်စေမှာဖြစ်ပါတယ်။ ဒါဆိုအခြေခံ7ချက်ဟာဘယ်လိုအရေးကြီးသလဲဆိုတာဆက်ကြည့်လိုက်ရအောင်။
1.Line
လိုင်းများဟာပန်းချီရေးဆွဲသူတိုင်း စတင်လေ့ကျင့်ရတဲ့ အခြေခံအုတ်မြစ်ဖြစ်သလို ပန်းချီမှာအရေးအကြီးဆုံးအရာဟုပင်ဆိုနိုင်ပါတယ်။ လိုင်းများဟာ ပုံသဏ္ဍာန်၊ထုထည်၊မျက်နှာပြင်များကို‌ဖော်ပြတဲ့အပြင် Lineပုံစံပေါ်မူတည်၍ပင် အဓိပ္ပါယ်အမျိူးမျိူးရှိပါတယ်။ မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်၊မျဉ်းအထူ၊ မျဥ်းအပါးစသဖြင့် ပန်းချီကားတွင်ဖော်ပြလိုတဲ့အကြောင်းအရာအလိုက်မတူညီသောမျဉ်းများအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် Texture ကိုဖော်ပြချင်တဲ့အခါ၊အလင်းအမှောင်ကိုဖော်ပြချင်တဲ့အခါ၊Toneကိုဖော်ပြချင်တဲ့အခါတွေမှာလဲ Hatching,Cross-hatching Technique များအသုံးပြု၍ ဖော်ပြနိုင်ပါတယ်။
2.Shape
သက်ရှိသက်မဲ့ အရာအားလုံးတွင် ပုံသဏ္ဍာန်ဟူ၍ရှိပါတယ်။ Shapeဆိုတာ အလျားအနံအမြင့်သာရှိပြီးအတိမ်အနက်ထုထည်မပါဝင်ပဲ မျဉ်းကြောင်းများဖြင့်သာဖွဲ့စည်းထားသော 2ဖက်မြင်ပုံစံ(2D)ဖြစ်ပါတယ်။ ဂျီဩမေတြီပုံစံများဖြစ်တဲ့ စက်ဝိုင်း၊တြိဂံ၊လေးထောင့် စတဲ့ပုံစံများဖြစ်ပါတယ်။ Shapeများကို ပန်းချီကားများတွင် အမြင်အာရုံဖမ်းစားနိုင်စေရန်၊ဟန်ချက်ညီစေရန်၊Compositionမှန်ကန်စေရန် ၊ပုံသဏ္ဍာန်များလိုက်ဖက်မှုရှိစေရန် အသုံးပြုနိုင်ပါတယ်။

စတင်ရေးဆွဲသူတွေအနေနဲ့ ပုံသဏ္ဍာန်များဖြစ်လာ‌စေရန် ဘယ်လိုချိတ်ဆက်ရေးဆွဲရမလဲဆိုတာနားလည်ထားသင့်ပါတယ်။

ပုံသဏ္ဍာန်များရေးဆွဲရာတွင်အခက်အခဲရှိပါက ရေးဆွဲမယ့်ပုံသဏ္ဍာန်ပေါ်လိုက်၍ စက်ဝိုင်း၊တြိဂံ၊လေးထောင့်များဖြည့်ကာ လျာထားရေးဆွဲပါ။ဒီနည်းလမ်းဟာလေ့ကျင့်မှုအနည်းငယ်လိုအပ်သော်လဲ နေရာတိုင်းမှာအသုံးဝင်လို့တကယ်ကောင်းတဲ့နည်းဖြစ်ပါတယ်။
3.Form
Shape (ပုံသဏ္ဍာန်)အဆင့်မှ Form(ထုထည်)အဆင့်သို့ပြောင်းလဲခြင်းသည် မျက်နှာပြင်အပြားပေါ်မှာရေးဆွဲထားတဲ့ 2D objectများအဖြစ်မှ အတိမ်အနက်ပါဝင်သောရုပ်လုံးကြွ 3D objectများဖြစ်စေခြင်းဖြစ်သည်။ Basic formများမှာ ဂျီဩမေတြီပုံသဏ္ဍာန်များဖြစ်ပါတယ်။Shape အဆင့် စက်ဝိုင်း၊လေးထောင့်၊တြိဂံမှစက်လုံး၊ကုဗတုံး၊ထုချွန်တို့အဖြစ် ထုထည်ပေါ်လွင်သွားခြင်းသည် Formသို့‌ ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။

ဂျီဩမေတြီပုံစံများဟာ ဘယ်ညာနှစ်ဖက်ညီသောပုံစံများဖြစ်သည်။ဂျီဩမေတြီFormများကို အများအားဖြင့် ဗိသုကာနှင့်ပန်းပုတွင်တွေ့ရသော်လဲ ပန်းချီတွင် Basic formအဖြစ်ရေးဆွဲလေ့ကျင့်ကြပါတယ်။

လက်တွေ့ကမ္ဘာမှာမြင်တွေ့နိုင်သမျှ အရာအားလုံးသည် Formများဖြစ်သည်။အသီး၊အပင်၊အိုး၊လူ၊တိရစ္ဆာန်စသဖြင့် အရာအားလုံးကို Organic formဟုခေါ်သည်။
4.Value
Value ဆိုတာ အရောင်တွင်ပါဝင်သော အလင်းအမှောင်ပမာဏကိုဆိုလိုပါတယ်။Valueမြင့်လေ အလင်းအားပိုမိုအားကောင်းလာကာ အလင်းပြန်လေဖြစ်ပါတယ်။ အရောင်တစ်ခု၏အလင်းပိုင်းကို Tintဟုခေါ်တာ အမှောင်ပိုင်းကို Shadeဟုခေါ်သည်။ အရောင်တစ်ခု၏Valueကိုပိုမိုမြင်နိုင်‌စေရန် Value scaleကိုအသုံးပြုနိုင်ပါတယ်။ Value scaleဆိုတာ အလင်းအား၊အမှောင်အားအမျိူးမျိူးပါဝင်နေပြီး လေးထောင့်ကွက်များဖြင့်ဖော်ပြပါတယ်။

9 Tonal Valueအဖြစ် ပန်းချီရေးဆွဲသူများစတင်လေ့ကျင့်ရတဲ့အကွက်များဖြစ်ပါတယ်။
အလင်းဆုံးValueမှာအဖြူရောင်ဖြစ်ပြီးအမှောင်ဆုံးValueမှာ အနက်ရောင်ဖြစ်ပါတယ်။

Value ဟာ နက်နဲမှုနှင့် ကွဲပြားမှုကိုဖော်ပြတာကြောင့်ပန်းချီမှာအရေးကြီးပါတယ်။
ပန်းချီကားတစ်ချပ်အသက်ဝင်ပြည့်စုံစေဖို့ Value များစွာ အသုံးပြုရပြီး Value rangeနည်းတဲ့အခါရုပ်လုံးမကြွပဲ ပန်းချီကားဟာFlatဖြစ်နေတတ်ပါတယ်။
5.Color
အရောင်များဟာ ကျွန်ုပ်တို့မြင်နိုင်သမျှအရာအားလုံးတွင်ပါဝင်ပြီး ပန်းချီမှာလဲ အရေးကြီးတဲ့အခြေခံတစ်ခုဖြစ်ပါတယ်။ အရောင်များသည် လူတို့ရဲ့စိတ်ခံစားမှု‌ကိုပါ ပြောင်းလဲစေပါတယ်။ ပန်းချီကားတစ်ချပ်ကို မီးခိုးရောင် အနုအရင့်များအသုံးပြုထားခြင်းနှင့် အရောင်အသွေးစုံလင်စွာအသုံးပြုထားခြင်းကိုယှဉ်ကြည့်လျှင် ခံစားမှုရသနှစ်မျိူးဖြစ်ပေါ်မည်ဖြစ်သည်။
ပန်းချီရေးဆွဲရာတွင်အထောက်အကူဖြစ်စေရန် အရောင်များတွင်ရှိသော မတူညီတဲ့လက္ခဏာများကိုသိထားသင့်ပါတယ်။

◻️ Hue-အနီ၊အစိမ်း၊အဝါ စသဖြင့် အရောင်စင်စစ်
◻️ Value-အရောင်၏လင်းအား၊မှောင်အား
◻️ Chroma-အရောင်ပြင်းအား
◻️ Temperature- အနွေးရောင် အအေးရောင် စသဖြင့်..

Color wheel စက်ဝိုင်းပြားကိုအသုံးပြုခြင်းဖြင့် အရောင်များနားလည်‌စေရန်၊ ရောစပ်နိုင်ရန်အထောက်အကူဖြစ်စေပါတယ်။
6.Texture
အရာဝတ္ထု‌တစ်ခုကိုအနီးကပ်ကြည့်လိုက်တဲ့အခါ မြင်ရတဲ့ကြမ်းတမ်းမှု၊ချောမွေ့မှု အသားသဘောကို Textureလို့ခေါ်ပါတယ်။ Textureဟာလဲ ပန်းချီမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ပန်းချီကားကို ပိုမိုလက်တွေ့ဆန်စေပါတယ်။ပန်းချီကားတွင်ကြမ်းတမ်းမှုကိုဖော်ပြချင်တဲ့အခါ မျဉ်းပြိုင်များ ခြစ်ခြင်း၊အစက်ချခြင်းတို့ပြုလုပ်နိုင်ပါတယ်။ Textureများကို Valueနှင့် စုတ်ချက်များပေါင်းစပ်အသုံးပြုကာ သစ်ပင် ပင်စည်၊နှင်းစက်များကဲ့သို့ effectများရရှိစေပါတယ်။

Textureထည့်သွင်းရာတွင်ဆေးဖြင့်စပ်ကာအသုံးပြုနိုင်သော Texturing Mediumများလဲရှိသည်။၎င်းတို့ဟာ ဖန်ကွဲစများ၊သဲများ၊Fiberနှင့်Resinများဖြင့်ပါ တွဲစပ်အသုံးပြုကာ Texture ဖန်တီးနိုင်ပါတယ်။Texture pasteအသုံးပြုခြင်း သို့မဟုတ် Gessoထူထူအသုံးပြုပြီးခက်ရင်း၊Bubble wrap, Credit cardပြား,စသည်တို့နှင့် Textureဖော်နိုင်ပါတယ်။

Palette knife ပန်းချီသုံးဓားနှင့် ဆေးထူထူအသုံးပြုကာ ရေးခြစ်ခြင်းသည်လဲ Textureများစွာဖန်တီးနိုင်စေပါတယ်။စိတ္တဇပန်းချီများနှင့်တောင်ထိပ်များရေးဆွဲရာတွင် အသုံးပြုကြသည်။
7.Space
အာကာသမဟုတ်တဲ့ 'နေရာလပ်'ကိုဆိုလိုခြင်းဖြစ်ပြီး ပန်းချီကားများတွင်Spaceကို လိုက်ဖက်ညီ‌အောင်ထည့်သွင်းနိုင်ရန် ခက်ခဲပါတယ်။Space ထားရှိသော ပုံစံနှင့် နေရာအကျယ်အဝန်းပေါ်မူတည်ပြီးပန်းချီကားအပြောင်းအလဲများစွာဖြစ်စေနိုင်လို့ပါ။ Space ဟာပန်းချီကားတွင်းပါဝင်သော ပစ္စည်းများ၏Perspectiveနှင့်Sizeကိုလဲဖော်ပြပါတယ်။

ပစ္စည်းတစ်ခုနှင့်တစ်ခုကြားတွင်ရှိ‌သောနေရာဟင်းလင်းပြင်ကို Negative spaceဟုခေါ်ပြီး
အရာဝတ္ထုနှစ်ခုကြားတွင် ပုံစံဖော်ပြချင်တဲ့အခါ၊ခံစားချက်ပုံရိပ်များထည့်သွင်းချင်တဲ့အခါတွေမှာNegative spaceကိုအသုံးပြုနိုင်ပါတယ်။
ဒီနေ့ဖော်ပြပေးသွားတဲ့ Elements တွေဟာ ပန်းချီပညာရဲ့အခြေခံအကျဆုံး အုတ်မြစ်များဖြစ်ပြီး တစ်မျိူးချင်းဖြစ်စေ၊ပေါင်းစပ်၍ဖြစ်‌စေ အမျိူးမျိူးဖန်တီးနိုင်ပါတယ်။
အဆုံးထိဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
သောကြာနေ့ တိုင်း၂ပါတ်တစ်ကြိမ် ဒီလိုအချိန်လေးမှာလည်း Artist တွေအတွက် ဗဟုသုတဖြစ်ဖွယ် Knowledgeလေးတွေကို Sharingလုပ်ပေးနေကျမို့လို့ Page လေးကို Like & Follow လုပ်ဖို့ မမေ့ပါနဲ့နော်...
(စာကြွင်း: Admin လေ့လာမှတ်သားမိသမျှ အချက်အလက်အလက်လေးတွေကို မှီငြမ်းရေးသားထားသည့်အတွက် အမှားအယွင်းများရှိခဲ့ရင် မေတ္တာဖြင့်နားလည်ခွင့်လွှတ်ပေးကြပါရန်နှင့် လိုအပ်ချက်များရှိပါကလည်း Comment မှာ အကြံပြုချက်လေးတွေ ရေးပေးသွားပါဦးခင်ဗျာ။)




Disclaimer: This content may include references, images, or materials that are used strictly for educational, informational, and non-commercial purposes only. We do not claim ownership of any third-party materials. All rights, credits, and copyrights belong to their respective creators and rightful owners. If the original owner wishes for any referenced material to be removed, please kindly contact us, and it will be taken down immediately. No copyright infringement is intended.

Joanmiro by Khin Maung Yin..
05/10/2025

Joanmiro by Khin Maung Yin..

ဂျိုအန်မီရို (Joan Miro)
ပျော်ရွှင်ဖွယ်ရေးခြစ်မှုများ
ခင်မောင်ရင်

ဂျိုအန်မီရို၏ စတူဒီယိုထဲသို့ ကျွန်ုပ်ရောက်သွား၏။ ဂျိုအန်မီရိုသည် ခေတ်သစ်အနုပညာကို စတင်သူတစ်ယောက်ဖြစ်သည်။ သူ၏ စတူဒီယိုထဲသို့ရောက်သွားသည့်အခါ စာရင်းစစ်တစ်ယောက်၏ ရုံးခန်းထဲသို့ ရောက်သွားသည်ဟုထင်ရ၏။ အဘယ်ကြောင့်ဆိုသော် ဂျိုအန်မီရိုသည် စာရင်းစစ်တစ်ဦးနှင့်တူ၏။ သူ၏ဆံပင်သည် တို၏။ သူ့မျက်နှာသည်ချောမွေ့၏။ သူ၏အင်္ကျီသည် ဖြူဆွတ်နေ၏။ သူ၏ပန်းချီကားများကို ကြည့်သောအခါ အပျော်ဆုံးနှင့် စိတ်ကူးအကောင်းဆုံး အနုပညာရှင်တစ်ယောက်ဖြစ်၏။ ယခုအချိန်၌ဖြစ်သော အော့ပ်ပေါ့ပ်နှင့် စီးကျသောပန်းချီအမျိုးအစားတို့၏ ဖခင်တစ်ယောက်ဖြစ်၏။
သူ့ကိုတွေ့ရသည်မှာ အလွန်တည်ကြည်သော လူတစ်ယောက်ဖြစ်၏။ စောစောထ၍ သူ၏ပန်းချီဆွဲသည့်နေရာသို့ စာရင်းစစ်တစ်ယောက်က သူ့စားပွဲကိုသွားသည့်အတိုင်းသွား၏။ တစ်နေ့ရှစ်နာရီ အလုပ်လုပ်၏။ စား၏။ သွား၏။ အိပ်ရာဝင်၏။ နေ့စဥ်ရက်ဆက် အနုပညာရှင်တစ်ယောက်၏ ရှုပ်ပွနေသောစရိုက်မတွေ့ရ။
သူ၏စတူဒီယို ပါမာဒီ မာလော့ကာ (Palma de Mallorca) သည်အလွန်သန့်ရှင်းသောနေရာဖြစ်၏။ စုတ်တံများသည် သန့်ရှင်း၏။ ညစ်ဆေးများအားလုံးကို စာရေး၍ စီတန်းထား၏။ အခန်း၏ထောင့်တစ်ထောင့်၌ ဗီရိုတစ်လုံးရှိသည်။ သူစုတ်တံ ကောက်ယူလိုက်သောအခါ ပြတိုက်များ၏ ဗီရိုဖြစ်သွား၏။
ထို့နောက် သူ၏အတွေးခံစားချက်၊ ပျော်ရွှင်မှု၊ နှလုံးသာယာမှုတို့သည် သူ၏လက်မှစီးကျလာ၏။ ထို့နောက်ပေါက်ကွဲသွား၏။ လေဟာပြင်၌ ရေကူးနေသည့် မျက်တောင်တုများပါသည့် ငါးကို အပြာရောင်နှင့်ဆွဲ၏။ ခွေးတစ်ကောင်သည် တစ်ခြမ်းပဲ့နေသော စားပြီးစ မုန့်တစ်ချပ်နှင့်တူသည့် လမင်းကြီးကို ဟောင်နေသည်။ လေဟာပြင်ကိုမှီ၍ ထောင်ထားသောလှေကား။ တြိဂံများ၌ ကွေးနေသော နှုတ်ခမ်းမွှေးများ၊ ထိုအရာများကို အဓိပ္ပါယ်ရှာနေစရာမလို၊ဤအရာအားလုံးသည်ဂီတဆန်၏။ လူပြက်များဝိုင်းတီးသည့်ဆိုင်းနှင့်တူ၏။
ချစ်စရာကောင်းသည်ဟု သင်ပြောမည်။ တော်ပါပေသည်။ ဟာသလည်းဆန်သည်။ ဒါပေမဲ့ အဲဒါအနုပညာလား။ ဝေဖန်သူများကို မေးကြည့်။ ရှေးနှစ်ငါးဆယ်က အတော်ဆုံး ပန်းချီဆရာဟုပြောမည်။ မာတိစ်(Matisse) နှင့် ပီကာဆိုမှလွဲ၍ သူ၏ပန်းချီကားများသည် ငွေများများရ၏။ သူ၏သေးငယ်သော ရေဆေးကားတစ်ခုကို ထိုခေတ်က လန်ဒန်မြို့ ၌ (သောင်းရှစ်ထောင်ကျော်)ရ၏။ ပို၍ကြီးမားသောပုံဆိုလျှင် (ရှစ်သောင်းကျော်)ရ၏။ သူ၏ပထမဆုံးသောပန်းချီကားများသည် ခေတ်မမီဟုယူဆသည်။ ထို့ကြောင့် ပန်းချီကားတစ်ရာကျော်ကို ဖျက်ဆီးပစ်လိုက်၏။ သူကပြောသည်။ အဟောင်းကိုပယ်ပြီး အသစ်လုပ်ရမည်။ ထို့သို့ပန်းချီကားတစ်ရာကျော်ကို ဖျက်စီးပစ်လိုက်သည့်အခါ တိုင်းမ် မဂ္ဂဇင်းက ဒေါ်လာသုံးသန်း ဖျက်ဆီးပစ်လိုက်ခြင်းနှင့် ညီသည်ဟု ဆို၏။
မီရို၏အောင်မြင်မှုသည် ငွေကြေးသာလျှင်မဟုတ်။ စပိန်ရှိသူ၏မြို့ကလေးမှလမ်းတစ်ခုကို သူ၏နာမည်ပေးထား၏။ ဘာစီလိုနာမြို့ရှိသူ့ကို မွေးသည့်အိမ်၌ အစိုးရကဆိုင်းဘုတ်တပ်ထားသည်။ (Harvard) တက္ကသိုလ်ကသူ့အားဂုဏ်ထူးဆောင်ဘွဲ့ပေးထားသည်။ အမေရိကန်ပြည်က အနုပညာနှင့် စာပေရေးရာ အကယ်ဒမီမှ သူ့အား ဂျူရီအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြသည်။
ဂျိုအန်မီရိုကို လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ့ဆယ်ခုနှစ်က ဘာစီလိုနာဘုရားရှိခိုးကျောင်းကြီးအနား၌ မွေးဖွားခဲ့သည်။ သူ၏ ပန်းချီကားများထဲ၌ ထိုမြို့၏ငှက်နှင့် ပန်းစျေးများသည် တေးဆိုနေ၏။ ဘုရားရှိခိုးကျောင်းဟောင်း၏ ရုပ်တုများလည်း အော်နေဆဲဖြစ်သည်။ ကျောက်မျက်ရတနာနှင့် အသက်မွေးဝမ်းကြောင်းပြုသည့် သူ၏အဖေသည် သူ့သား၏အနာဂါတ်အတွက် စီစဥ်ပြီးသားဖြစ်၏။ သူငယ်သည် တက္ကသိုလ်သို့သွားရန် လက်စွပ်များနှင့်နာရီများကို ရောင်းခြင်းအားဖြင့် အသက်မွေးဝမ်းကျောင်းပြုမည်။ သို့သော်သူငယ်၌ တစ်မျိုးတစ်ဖုံသောကိုယ်ပိုင်စိတ်တစ်ခုရှိ၏။
မညံ့ဟုဆိုသော်လည်း အလွန်နှေးကွေးသည်။ သူသည်ကျောင်းစာ၌ ညံ့၏။ အထက်တန်းကျောင်းကို သူမပြီး။ ထို့ကြောင့် စာရင်းစစ်တစ်ယောက်လုပ်ရန် ကျောင်းတက်၏။ သူစိတ်ဝင်စားရာ တစ်ခုတည်းသောအရာသည် အနုပညာဖြစ်၏။ ထို့ကြောင့် ညကျောင်းတက်၏။ အနုပညာကို ဘာသာရေးကဲ့သို့ အလွန်ရိုသေ၏။ (ထိုကျောင်းသို့မသွားမီလက်ကိုကောင်းစွာဆေး၏) ဟုသူကပြောသည်။ (သို့သော် ကျွန်ုပ်သည် အလွန်ညံ့ဖျင်းသော သူတစ်ယောက်ဖြစ်၏။ အိမ်၌ တစ်ညတွင် သူသည် ပန်းချီဆရာလုပ်တော့မည်ဟု ကြေငြာ၏။ ထိုအခါ အဖေကရယ်၏။ ထို့နောက်အနုပညာကျောင်းမှ သူ၏သားကိုထုတ်ပြီး ကုန်တိုက်တစ်ခုတွင် စာရေးလုပ်ခိုင်း၏။ သို့သော် မအောင်မြင်ချေ။
သဘာဝသည် မီရိုအားစီစဥ်ခဲ့၏။ သူသည် စိတ်ဓါတ်ပျက်ပြားသော ရောဂါရရှိ၏။ ထို့နောက် တိုက်ဖွိုက်ရောဂါဖြင့် နှစ်လကြာ အိပ်ရာပေါ်၌ လဲနေ၏။ သူအိပ်ရာမှ ထလာသောအခါ အရိုးသာ ကျန်တော့၏။ သူ့အဖေသည် အရှုံးပေးရ၏။ ဂျိုအန်အား သူလုပ်ချင်တာကို လုပ်နိုင်သည်ဟုပြော၏။ အနုပညာရှင်တစ်ဦးလည်း ဖြစ်နိုင်၏။ သူ့အဖေ ဖြစ်စေချင်သည့်အတိုင်းဖြစ်လာ၏။ သို့သော် ကျောက်မျက်ရတနာနျင့် မဟုတ် ပန်းချီဆေးနှင့်သာ ဖြစ်ခဲ့၏။ ချမ်းသာသော၊ ပြင်းထန်စွာ အလုပ်လုပ်သော လူတကာ၏ အရိုသေခံရသော သူတစ်ယောက်ဖြစ်ခဲ့၏။
(၁၉၁၉) ခုနှစ်တွင် ဘာစီလိုနာမှ အနုပညာရှင်လူငယ်တစ်ဦးသည် ပါရီမြို့သို့ ရောက်လာ၏။ ထိုအချိန်က ပါရီမြို့သည် အနုပညာနှင့် စာပေမြို့တော်ဖြစ်ခဲ့၏။ ထိုအခါ၌ ကမ္ဘာပေါ်တွင် တော်လှန်ရေးအမျိုးမျိုး ပေါ်ပေါက်လာ၏။ ပန်းချီကားချပ်ကို စီမံခြင်းအလုပ်သည် ထိုအချိန်က အလွန်အောက်တန်းကျသည်ဟု ယူဆကြသည်။ စုတ်တံနှင့် မိမိလိုချင်သည့် ပုံသဏ္ဌာန်ကို လျင်မြန်စွာရေးဆွဲလျှင်ရသည်ဟု ယူဆကြသည်။ ထိုအခါ၌ ပန်းချီဆရာ၏ အတွင်းစိတ်၊ သူ့အိမ်မက်၊ သူ့အတတ်ပညာ၊ သူ့နတ်ရုပ်များနှင့် အကောင်ပလောင်များ ဖြစ်ပေါ်လာ၏။ ထိုအရာများသည် မီရို၏အရာဖြစ်ခဲ့၏။
ထိုအခါ၌ မီရိုအလွန်ပျော်ခဲ့၏။ သူအနားမယူသည့်ပျော်ရွှင်မှုနှင့် ပန်းချီဆွဲခဲ့၏။ သူ၏မြို့ဖြစ်သော ဘာစီလိုနာမှ ပန်းချီရောင်းဝယ်ရေးသမားတစ်ယောက်သည် ထိုအချိန်၌ ပြပွဲတစ်ခုစီစဥ်ပေးခဲ့၏။ ဤနှေးကွေးသူအတွက် အလွန်မြန်သော အရာဖြစ်ခဲ့၏။ သူ့ ပြပွဲကိုမည်သူမှ လာရောက်မကြည့်။ ထိုအရာသည် သူ၏ဆုံးရှုံးမှုတစ်ရပ်ပင်။ မီရိုစိတ်ပျက်၍ စိတ်ဓါတ်ကျပြီး မိမိကိုယ်မိမိ မယုံကြည်တော့ပေ။ သို့သော် သူရုန်းကန်ခဲ့၏။ ငှားထားသည့် စတူဒီယို၌ အလွန်အေးသည့် နေရာတွင်နေပြီး ငတ်ခဲ့သည်။ သဖန်းသီးခြောက်ကိုသာ အသက်ဆက်ရန်အလို့ငှာ စားခဲ့ရ၏။ ရုတ်တရက်သူပြောင်းလဲသွား၏။ သူအလွန်ပျော်ခဲ့၏။ ဘာစီလိုနာ အနီးက မွန်တေ့ရှိ သူ့မိသားစုလယ်ယာမြေကိုသတိတရ ပန်းချီဆွဲခဲ့၏။
ထိုပုံကို ဆွဲရာ၌ တစ်နှစ်ကြာခဲ့၏။ ထိုပုံထဲတွင် အရာရာတိုင်းရှိ၏။ စီတန်းစိုက်ပျိုးသည့် သီးနှံများ၊ အဝတ်လျှော်နေသည့် မိန်းမကြီးတစ်ယောက်၊ ကြက်များ၊ ဆိတ်များ၊ နွားနို့ထည့်သည့် လက်ဆွဲပုံးတစ်ပုံး၊ ရေလောင်းသည့်ပုံး စသည်များကို ပုံမှန်မဟုတ်ဘဲ ရေးဆွဲခဲ့၏။ ဆေးခြောက်သည့်အခါ ကင်းဗတ်ကို လိပ်ပြီး ပါရီမြို့ရှိ ပန်းချီပြခန်းများသို့ ခြေလျင်သွား၏။ သူ၏ပုံကို မည်သူမျှ မဝယ်ချေ။ သူခြေညောင်းသည်သာ အဖတ်တင်၏။ ညနေရောက်သော် ဘယ်ဘက်ကမ်းနားရှိ မွန်ပါနိစ်၌ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်အားသူပြကြည့်ခဲ့၏။ ထိုသူက သူ့အားကြည့်၍ အလွန်သနားသွား၏။ ရယ်စရာအနေဖြင့်ကြည့်ရန် ထိုပုံကိုထားခဲ့ရန်ပြော၏။
တစ်နာရီခန့်ကြာသောအခါ စာရေးဆရာကြီး အားနစ် ဟဲန်းမင်းဝေး အရက်သောက်ရန် ထိုဆိုင်သို့ရောက်လာ၏။ သူထိုင်၍ ထိုပန်းချီကားကိုကြည့်ပြီး ဆိုင်ရှင်အား (ဘယ်လောက်လဲ) ဟု အော်မေး၏။ ဟဲန်းမင်းဝေးနှင့် သူ့မိတ်ဆွေတစ်စုသည် ပိုက်ဆံကို၊ ဟိုကချေး၊ ဒီကေချေးဖြင့် ပန်းချီကားကို ဝယ်လိုက်၏။ ဟဲန်းမင်းဝေးသည် ပန်းချီကားကို သယ်ဆောင်သွားပြီး လူတကာမြင်ရန် ချိတ်ဆွဲထားလိုက်၏။
ဤသည်ကား မီရို၏ ပထမဦးဆုံးအောင်မြင်မှုတစ်ရပ်ဖြစ်ခဲ့၏။ သူ၏ တံခါးပွင့်သား၏။ အလွန်ကြောက်တတ်ပြီး အလွန်အေးသည့် ဆောင်းရာသီဒဏ်ကို ခံရသော ငတ်မွတ်နေသည့် မျက်နှာဝိုင်းနှင့် လူကလေးသည် ယခုအခါ ဒေါသနှင့် ပန်းချီရေးဆွဲတော့၏။ မသိစိတ်က သူ့အားလွှမ်းမိုး၍ ပန်းချီရေးစေ၏။ ပန်းချီဆေးရောင်တို့ကျ၍ ပန်းချီအရုပ်များ၊ ငှက်များ၊ ကြက်များစသည့် အရာများသည် ပန်းချီဆရာနှင့် ပန်းချီကြည့်သူ၏ နံရံကို ကွဲအက်စေ၏။ လူအများသည်သူ့ပုံကိုကြည့်ရင်း ပန်းချီဆရာ၏စိတ်ကို ထိုးဖောက်မြင်နိုင်၏။ ပန်းချီဆရာ၏ဘဝကိုလည်း နည်းနည်းသိနိုင်၏။ ထိုအခါကျမှ မီရိုသည် ပို၍လွယ်ကူပြီး ပျော်ရွှင်သောဘဝ၌ ရပ်တည်နိုင်ပြီဖြစ်သည်။ (၁၉၂၅) တွင် သူ(၃၂)နှစ်ရှိပြီ။ မီရို၏ပန်းချီပြပွဲကို လူတစ်ယောက်က ပါရီမြို့၌ပြုလုပ်ပေးခဲ့သည်။ ထိုပွဲသည် အလွန်စိတ်လှုပ်ရှားဖွယ်ရှာကောင်း၏။ လူတော်တော်များများလာကြည့်ကြသည်။ ပုလိပ်ကိုခေါ်၍ စောင့်ရှောက်ခိုင်းရ၏။ ထို့နောက်သူ့ပန်းချီကားများအလွန်ရောင်းရ၏။ ထို့ကြောင့်အစားအစာကောင်းကောင်းစားရ၏။ အဝတ်အထည်ကောင်းကောင်းဝတ်ရ၏။ ပါမားမှ သူ၏ချစ်သူမိန်းကလေးကို လက်ထပ်နိုင်ခဲ့၏။
ပီကာဆိုနှင့်မတူသောအချက်မှာ မီရိုသည် သူ၏ဌာနေဖြစ်သော စပိန်ပြည်နှင့် ခွဲခွါနေ၍ မရ။ စပိန်ပြည်သို့ နှစ်စဥ်နှစ်တိုင်း ပြန်ခြင်းမှာ ကြာ၍ ကြာ၍ လာ၏။ နောက်ဆုံးပြင်သစ်ပြည် ပါရီမြို့မှ ခွဲခွါ၍ မာလော့ကာမြို့ နှစ်ပေါင်းနှစ်ရာအိုသည့် အိမ်ကြီးကို ဝယ်လိုက်၏။ ထိုပန်းခြံ၌ သူလမ်းလျှောက်ခဲ့၏။ သူတွေးခဲ့၏။
မီရိုသည် အဓိပ္ပါယ်မဲ့သည့် ပုံများကို ရေးဆွဲသည် မဟုတ်ဟု ငြင်းဆန်ခဲ့၏။ ပစ္စည်းတစ်ခု (သို့) ကဗျာဆန်သည့် အတွေးတစ်ခုမှ စတင်ခဲ့သည်။ တကယ်တော့ ထူးဆန်းခြင်း ပျောက်ကွယ်သွား၏။ မီရိုသည် လက်ရေးတိုကျင့်၏။ နိမိတ်ပုံများ သူ၏ ရေးခြစ်ပုံများနှင့် သူ၏အတိုကောက်ပုံများသာလျှင် သူရေးခဲ့၏။ လူတစ်ယောက်ကို ဆေးတံ(သို့) ဦးထုပ်တစ်လုံး(သို့) နှုတ်ခမ်းမွှေးဖြင့် ကိုယ်စားပြု၏။ မိန်းမတစ်ယောက်ကို တြိဂံပုံ၊ သစ်ပင်တစ်ပင်ပုံ၊ အလုံးပုံတို့နှင့် ကိုယ်စားပြု၏။ ပုံကိုကြည့်သောသူသည် ကျန်သည့်အရာများကို မိမိစိတ်နှင့် ဖြည့်ဆည်းခဲ့ရ၏။ ခေတ်သစ်လူမပေါ်မီကအမွှေးထူသည့် လူသားများသည် လုဏ်ဂူ၏ နံရံများပေါ်တွင် ဆွဲခဲ့သည်။
မီရို ငယ်စဥ်က မပျော်ရွှင်ရသည့် ကလေးဘဝကို ရရှိခဲ့သည်။ သိပ်မကစားရချေ။ ထိုင်၍ စိတ်ကူးရန်လည်း အချိန်မရခဲ့ချေ။ ထိုကဲ့သို့ ပျောက်ဆုံးခဲ့သော နှစ်များသို့ သူ၏ပန်းချီကားများထဲ၌ တွေ့ရ၏။ သူမရရှိခဲ့သော သူလိုချင်သည့်အရုပ်များ၊ သူမလုပ်ခဲ့သည့် မဟုတ်တာလုပ်ခြင်းများ၊ သူ မရယ်ခဲ့ရသည့်ရယ်ခြင်း၊ ထိုအရာအားလုံးသည် ပန်းချီကားများထဲတွင်ရှိ၏။
သူ့ကို သော့ခတ်ခံထားရသူ တစ်ယောက်အနေနှင့်စဥ်းစားနိုင်၏။ ရုတ်တရက်လွှတ်ပေးလိုက်သောအခါ ပျော်ရွှင်စွာထခုန်၍ ဝင်းလက်သည့် အရာများကို ပတ်ဝန်းကျင်တွင်တွေ့ရသကဲ့သို့ဖြစ်သည်။



10/09/2025

Picasso..🤍🤎💜💛🧡❤️

02/09/2025

That’s what I am trying to do right now.. more time on canvas and absent from my mind..

02/09/2025

This is exactly what I am trying to say about art..

12/08/2025

ဆရာဦးမာလာ..🤍🤍

ဆရာစိုးနိုင်..☺️☺️
23/07/2025

ဆရာစိုးနိုင်..☺️☺️

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Tyra Art Gallery by Daniel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category