MPAS Art

MPAS Art Art in Myanmar
(182)

04/04/2018

ဓါတ်ပုံကောင်းတစ်ကွက်ရဲ့
အထားအသို နဲ့ အပြင်အဆင် (၃)
======================

ဒါကတော့ … နောက်ဆုံးအပိုင်း (၃) ပါ။

ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျပြီး၊ မြန်မာလို ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါးလေး ရေးသားထားတာမို့ တစ်ပုံချင်းစီနှိပ်ပြီး … လေ့လာဖတ်ရှုနိုင်ပါတယ်။ ဒီအပိုင်းမှာတော့ ဓါတ်ပုံအကြောင်း တစေ့တစောင်း (၉) ပြီးပါပြီ။

နိဂုံးချုပ်ပြောရရင်တော့ ဓါတ်ပုံကောင်းတစ်ကွက်ရဲ့အထားအသို စည်းမျဉ်းလို့သာ ပြောပေမယ့် ဘယ်ဟာကိုမှ တစ်ခုတည်း ကိုင်စွဲထားလို့မရပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့ ကိုယ်ရိုက်ကူးမယ့် subject ပေါ် မူတည်ပြီး၊ သင့်တော်ကိုက်ညီတဲ့ စည်းမျဉ်းတွေကို လိုက်နာပါမှ ဓါတ်ပုံကောင်းတစ်ကွက် ရနိုင်ပါကြောင်း ပြောပါရစေ။ ဒါပေမယ့် အပိုင်း (၂) မှာ ရေးခဲ့တဲ့ Rule of Thirds စည်းမျဉ်းကတော့ ဓါတ်ပုံကောင်း တော်တော်များများ (အထူးသဖြင့် ရှုခင်းအလှ ဓါတ်ပုံ) မှာ ပန်းပန်လျက်ပါပဲ။

(၁၂) Diagonals and Triangles
(၁၃) Patterns and Textures
(၁၄) Isolate the Subject
(၁၅) Fill the Frame
(၁၆) Rule of Odds
(၁၇) Change your Point of View
(၁၈) Look for Particular Color Combinations
(၁၉) Rule of Space
(၂၀) Left to Right Rule
(၂၁) Balance Elements in the Scene
(၂၂) Juxtaposition

မေတ္တာဖြင့်
MPAS

31/03/2018

ဖြတ်ညှပ်ကပ်လုပ် ငြိမ်းချမ်းရာ ရှာဖွေ
===================
“ မျှဝေခံစား ပန်းချီကား ” ခေါင်းစဉ်အောက်က ဆောင်းပါးအချို့မှာ Collage ဆိုတဲ့စကားလုံးကို မြင်ပြီးသားမို့၊ စာဖတ်သူတွေလဲ ရင်းနှီးနေလောက်ပါပြီ။

မြန်မာလို အနီးဆုံးဘာသာပြန်ရရင် ဖြတ်ညှပ်ကပ်လုပ်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ Collage လုပ်ခြင်းရဲ့ ကနဦးအစက တရုတ်နိုင်ငံမှာ စက္ကူကိုစတင်ပြုလုပ်သုံးစွဲခဲ့တဲ့ (ခရစ်တော်မပေါ်မီ) ဘီစီ ၂၀၀ ဝန်းကျင်လောက်မှာပါ။ ဒါက ဖြတ်ညှပ်ကပ် လုပ်တာကို လူသားတွေ စတင်ပြုလုပ်ခဲ့တဲ့အချိန်ကို ရည်ရွယ်တာဖြစ်ပြီး၊ မော်ဒန်ပန်းချီကဏ္ဍမှာတော့ Collage နည်းစနစ်ကို စတင်အသုံးပြုခဲ့သူတွေက Cubist ပန်းချီဆရာ Georges Braque နဲ့ Pablo Picasso တို့ပဲဖြစ်ပါတယ်။ Georges Braque ရဲ့ မီးသွေးသုံးပြီးဆွဲထားတဲ့ ပန်းချီကားတွေမှာ ကော်ကပ်စနစ် (Collage) ကို စသုံးထားတာကို မြင်သွားတဲ့ Picasso က သူ့ရဲ့ ပန်းချီအနုပညာ စမ်းသပ်ချက်တွေမှာလဲ Collage လုပ်ခဲ့တာပါ။ ပြင်သစ်ဘာသာလို “ တစုံတရာကိုကော်ကပ်တာ ” လို့ အဓိပ္ပာယ်ရတဲ့ Collage လုပ်ခြင်းမှာ သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေ၊ ဓာတ်ပုံတွေ၊ အဝတ်စတွေနဲ့ ရောင်စုံစက္ကူ … စတာတွေကို မိမိနှစ်သက်ရာ မျက်နှာပြင် (သို့) ပန်းချီကားပေါ်မှာ ကော်သုတ်ပြီးကပ်တာတွေ ပါဝင်ပါတယ်။

ဘိုဘိုနဲ့အီးတီ ကာတွန်းကို ရေးဆွဲသူ ပန်းချီဆရာ မင်းဇော် ရဲ့ Collage စနစ်သုံးပြီးဖန်တီးထားတဲ့ ပန်းချီကားတွေကလဲ ကြည့်ရှုသူရဲ့အာရုံကို တစ်မျိုးတဖုံ ဖမ်းစားစေနိုင်ပါတယ်။ ဒီလိုတစ်မျိုးဆန်းတဲ့ ပုံစံလေးတွေဖန်တီးဖို့ အကြံရပုံကလဲ အမှတ်မထင်ပါပဲ။ တနေ့မှာ သူ လုံးခြေပြီးလွှင့်ပစ်ထားတဲ့ စာရွက်ပေါ်က ပုံကြမ်းလေးကို ပြန်ကြည့်ချင်လို့ ဖြန့်ကြည့်ပြီး ဒီအတိုင်းထားထားလိုက်တယ်။ သူရဲ့စတူဒီယိုထဲမှာ အလုပ်လုပ်ရင်း၊ ဖြန့်ထားတဲ့ အဲဒီ့စက္ကူပေါ်ကို ဆေးဖြန်းမိရာကနေ ပန်းချီကားတစ်ခုလို ဖြစ်နေတာမို့၊ ဒီလိုလဲပန်းချီကားဖန်တီးလို့ရတာပဲ … ဆိုပြီး အကြံညဏ်ရခဲ့တာပါ။ အဲ့နောက်မှာတော့ ရောင်စုံစက္ကူတွေကို လိုအပ်တဲ့နေရာတွေမှာဆေးမှုတ် … လိုချင်တဲ့ပုံဖော်ပြီးကပ်ကာ ပန်းချီကားအချို့ ဖန်တီးခဲ့တယ်။ စက္ကူပေါ်ကကွဲပြားနေတဲ့ အရောင်အနုအရင့်ကတော့ ကိုယ်မှုတ်ထားတဲ့ ဆေးအထပ်ပေါ်မှာပဲ မူတည်တာပါ။ ကိုယ်မြင်ဖူးခဲ့တဲ့ ရှုခင်းတွေကိုပဲ ပြန်မြင်ယောင်ပြီး ဖန်တီးထားတာပါ။ ကိုယ်လိုချင်တဲ့ အရောင်တွေပါတဲ့ရောင်စုံစက္ကူက ဒီမှာ ရှားတဲ့တာမို့၊ ရှိတဲ့ပစ္စည်းနဲ့ပဲ လှအောင်ဖန်တီးရတာပါ။ ပန်းချီမင်းဇော်ရဲ့ သူဖန်တီးချင်တဲ့ပုံစံနဲ့ တထပ်တည်းကျခဲ့တဲ့ Paper Collage ပန်းချီကားတွေထဲက တိတ်ဆိတ်မှု၊ ငြိမ်းချမ်းမှုနဲ့အတူ စက္ကူကိုခြေထားတဲ့ texture တွေရဲ့အလှကိုခံစားရင်း၊ ပူအိုက်တဲ့နွေမှာ အေးချမ်းနိုင်ကြပါစေ… လို့။

မေတ္တာဖြင့်
MPAS

25/03/2018

ဓါတ်ပုံကောင်းတစ်ကွက်ရဲ့
အထားအသို နဲ့ အပြင်အဆင် (၂)
====================

ဓါတ်ပုံအရိုက်ခံ အရာဝတ္ထု (subject) တွေကို အခြေခံဒီဇိုင်းပုံစံ (၈) မျိုးနဲ့ပုံဖော်ပြနိုင်တယ် …ဆိုတာကို အပိုင်း (၁) မှာ ရေးပြီးပြီမို့၊ ဒီအပိုင်း(၂)ကတော့ ဓါတ်ပုံကောင်းတစ်ကွက်ရဖို့ ကိုယ်ရိုက်မယ့် အရာဝတ္ထု (subject) တွေကို ဘယ်လိုထားသိုနေရာချရမလဲ (composition) အကြောင်းပါ။

composition မှာ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေရှိပါတယ်။ မဖြစ်မနေလိုက်နာရမယ်လို့ မဆိုပေမယ့်၊ ကမ္ဘာကျော်ဓါတ်ပုံဆရာတွေ လေ့လာတွေ့ရှိပြီးသားမို့၊ အဆင်သင့် အသုံးချရုံပါပဲ။ များပြားလှတဲ့ စည်းမျဉ်းတွေထဲကမှ တကယ်လက်တွေ့ အသုံးများတာတွေကို မြန်မာလို ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါးလေး ရေးသားလိုက်ပါတယ်။

ပန်းချီဝါသနာရှင် လူငယ်တွေအတွက်လည်း သဘောတရား အတူတူမို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

(၁) Simplicity and Minimalism
(၂) Rule of Thirds
(၃) Centred Composition and Symmetry
(၄) Golden Ratio
(၅) Golden Spiral
(၆) Golden Triangles
(၇) Foreground Interest
(၈) Play with Depth of Field
(၉) Leave Negative Space
(၁၀) Frame Within the Frame
(၁၁) Leading Lines

… နောက်ဆုံး အပိုင်း (၃) ဆက်ရန် ရှိပါသေးတယ်။

ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ပုံချင်းစီနှိပ်ပြီး … လေ့လာဖတ်ရှုနိုင်ပါတယ်။ ဒီအပိုင်းကိုလည်း ဓါတ်ပုံအကြောင်း တစေ့တစောင်း (၉) လို့ပဲ ဆက်လက်မှတ်ယူပါ။

မေတ္တာဖြင့်
MPAS

21/03/2018

ဓါတ်ပုံကောင်းတစ်ကွက်ရဲ့
အထားအသိုနဲ့ အပြင်အဆင် (၁)
=====================
မိုနာလီဇာ ပန်းချီကားနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ (Leonardo Da Vinci) ပြောခဲ့တာလေးတစ်ခုကို သတိရမိတယ်။ " သီအိုရီသဘောတရားမပါဘဲ လက်တွေ့လေ့ကျင့်နေတာဟာ ပဲ့နဲ့ သံလိုက်အိမ်မြောင်မရှိဘဲ ရွက်လွှင့်နေသလိုပဲ၊ ခရီးတော့နှင်နေပေမယ့် ဘယ်ရောက်လို့ ရောက်နေမှန်း သိမှာမဟုတ်ဘူး " … တဲ့။

သူ့စကားက လိုရင်းနဲ့ တော်တော်ထိရောက်လှပါတယ်။ မှန်လည်းမှန်ပါတယ်။ အကျွန်ုပ်တို့မှာလည်း အခြေအနေနဲ့ အကြောင်းအရင်းများစွာကြောင့် သီအိုရီ လေ့လာမှုအပိုင်းမှာ အားနည်းခဲ့လို့ လက်တွေ့အပိုင်းမှာ တော်တော့်ကို အားစိုက်ထုတ်ခဲ့ရပါတယ်။

စကားမစပ် ... ပန်းချီနဲ့ ဓါတ်ပုံဟာ တစ်ကန့်စီခွဲထားလို့မရတဲ့ ဆက်စပ်အနုပညာတွေဖြစ်နေသလို၊ အနုပညာဟာလည်း ရူပဗေဒ၊ ဓါတုဗေဒ၊ လျှပ်စစ်နဲ့အီလက်ထရောနစ်၊ စိတ်ပညာ၊ ဆေးပညာ … စတဲ့ တခြားပညာရပ်တွေနဲ့လည်း ဆက်စပ်နေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပန်းချီကားကောင်းတစ်ချပ်၊ ဓါတ်ပုံကောင်းတစ်ကွက် ရဖို့ သိထားရမယ့် များစွာတွေထဲကမှ အထားအသို/ အပြင်အဆင် (Composition) အကြောင်းကို ပေါ့ပေါ့ပါးပါးလေး ဖတ်ကြည့်လိုက်ကြအောင် …။ ဒီမှာတော့ ပန်းချီကားမပါဘဲ ဓါတ်ပုံအချို့ကိုသာ နမူနာဖော်ပြထားပြီး၊ ဓါတ်ပုံဘက်ကိုသာ ဇောင်းပေးရေးထားပါတယ်။ ဒါပေမယ့်... ရင်ကိုဖွင့်ထားတဲ့ ပန်းချီဝါသနာရှင် လူငယ်တွေအတွက်လည်း သဘောတရား အတူတူမို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ဓါတ်ပုံတစ်ကွက်မှာ အရာဝတ္ထု (subject) သို့မဟုတ် အကြောင်းအရာ (topics) ကို အခြေခံအားဖြင့် ဒီဇိုင်းပုံစံ (၈)မျိုးနဲ့ ချပြနိုင်ပါတယ်။ ဒါတွေကတော့ …

(၁) Point (အမှတ်အသား၊ အရာဝတ္ထုတစ်ခု)
(၂) Line (မျဉ်းကြောင်း/ လမ်းကြောင်း)
(၃) Shape (ပုံသဏ္ဍန်)
(၄) Form (ဖွဲ့စည်းပုံ)
(၅) Texture (ပြင်ညီချောမွတ်မှု /ကြွတတ်ကြမ်းတမ်းမှု)
(၆) Pattern (အကွက်အဆင်)
(၇) Color (အရောင်)
(၈) Space (နေရာ/နေရာလွတ်)

ကိုယ်ချပြချင်တဲ့ အဲဒီ အခြေခံဒီဇိုင်းပုံစံတွေကိုမှ composition လို့ခေါ်တဲ့ အထားအသို နေရာချပြင်ဆင်ပြီး၊ ရိုက်ကူးမယ်ဆိုရင်တော့ ဓါတ်ပုံကောင်းတစ်ကွက်ရဖို့ အဆင့်တဆင့်ကို ရောက်လာပါပြီ။ ဒီမှာ စိတ်ရှုတ်ထွေးနိုင်တာ တစ်ခုက … အဲဒီ ဒီဇိုင်းတွေကိုယ်တိုင်ကပင် ဓါတ်ပုံကောင်းရဖို့ အထားအသို (composition) တစ်ခုဖြစ်သွားနိုင်သလို၊ အဲဒီ ဒီဇိုင်းတွေကို အခြေခံပြီး၊ လိုသလို ထားသို နေရာချထားနိုင်တယ် (compose လုပ်နိုင်တယ်) ဆိုတာပါပဲ။

ဟုတ်ပါပြီ … ဘယ်လို ထားသို နေရာချပြင်ဆင်ရင် ကောင်းမလဲ (composition) ဆိုတာကို ပေါ့ပေါ့ပါးပါးလေး ဖတ်ကြည့်လို့ရအောင် ဒီရက်ပိုင်းအတွင်း ဆက်ပါဦးမယ်... စောင့်မျှော်ဖတ်ပေးကြပါလို့။
======================
ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ပုံချင်းစီနှိပ်ပြီး … လေ့လာဖတ်ရှုနိုင်ပါတယ်။ ဒီအပိုင်းကတော့ ဓါတ်ပုံအကြောင်း တစေ့တစောင်း (၉) ပါ။

မေတ္တာဖြင့်
MPAS

18/03/2018

Photo4Change
ဓါတ်ပုံတစ်ကွက် ပြောင်းလဲမှုတစ်ရပ်
===================

# ဖုန်းကင်မရာ ဓါတ်ပုံပြိုင်ပွဲ
ခေါင်းစဉ် - နွေရာသီရဲ့ရေတန်ဖိုး

MPAS အကြောင်း တစေ့တစောင်း
===================
MPAS ဟာ ပန်းချီ (Fine Art)၊ ဓါတ်ပုံ (Photography)၊ ဂရပ်ဖစ်အနုပညာ (Graphic Art) နဲ့ အနုပညာနွယ် လက်မှုပညာ (Articraft) လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း နောင်မျိုးဆက်သစ် လူငယ်များ အနုပညာကို (၁) လေ့လာနိုင်စေရန် (၂) နားလည်ခံစားနိုင်စေရန် နဲ့ (၃) ၀ယ်ယူ/ ဖန်တီး နိုင်စေရန် … ဆိုတဲ့ ရည်ရွယ်ချက်နဲ့ MPAS page မှတဆင့် အရောင်မဆိုးတဲ့၊ အဆိပ်အတောက်မပါတဲ့ အခြေခံ ပန်းချီနဲ့ဓါတ်ပုံပညာတွေကို အများသူငှာ လေ့လာနားလည်နိုင်ရန်အလိုငှာ တတ်ကျမ်းမဆန်ဘဲ ပေါ့ပေါ့ပါးပါး မျှဝေပေးလျက်ရှိပါတယ်။

ဖုန်းကင်မရာ ဓါတ်ပုံပြိုင်ပွဲ၏ ရည်ရွယ်ချက်
====================
(၁) မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေဟာ World Giving Index လို့ ခေါ်တဲ့ ကမ္ဘာ့ “လျှုဒါန်း၊ ပေးကမ်း၊ စွန့်ကြဲမှု” အညွှန်းကိန်းမှာ နံပါတ်တစ် ချိတ်လာခဲ့တာ ၂၀၁၄-၂၀၁၅-၂၀၁၆ ခုနှစ် (၃) နှစ်ဆက်တိုက် ရှိခဲ့ပါပြီ။ မြန်မာလူမျိုးတွေ အလှူအတန်းရက်ရောတယ်ဆိုတာ … ဘယ်လိုမှ ယုံမှားသံတယ ရှိစရာမလိုပါ။

(၂) ဒါပေမယ့်၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် … မြန်မာလူမျိုးတွေအများစုက ဆေးလောကရဲ့ ဆိုစကားဖြစ်တဲ့ Prevention is better than cure – (ရောဂါဖြစ်မှ ကုသတာထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာဟာ ပိုကောင်း၏) ဆိုတာကို မေ့လျော့ကောင်း မေ့လျော့နိုင်ပါလိမ့်မယ်။

(၃) ဒါကြောင့်၊ (နှစ်တိုင်းနီးပါး ဖြစ်နေကျမို့) ဒီနှစ်နွေရာသီမှာ မြစ်ချောင်းအင်းအိုင် ရေတွင်း ရေကန် ရေလှောင်ကန် နဲ့ လက်ယက်တွင်းတွေမှာ ရေတွေခန်းခြောက်မှ၊ သောက်သုံးစရာရေ ပြတ်လပ်တော့မှ၊ သောက်ရေတစ်ပုံးရဖို့ နာရီနဲ့ချီ တန်းစီနေရတဲ့ လူတွေ၊ ပတ်ကြားအက် အင်းအိုင်တွေကို သတင်းမီဒီယာတွေက ထောက်ပြတော့မှ သက်ဆိုင်ရာတွေက အရေးယူဆောင်ရွက်မှုတွေလုပ်နေတာ … အလှူရှင်တွေက ရေသယ်ကားတွေနဲ့ ရေလှူနေတာ … စတာတွေ မဖြစ်သင့်တော့ပါ … လို့ MPAS မှ ခံယူထားပါတယ်။

(၄) ဒီလို ခံယူချက်နဲ့ Photo4Change လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ နောင်မှာလည်း Art4Change နဲ့ Craft4Change လုပ်ဖို့ အစီအစဉ်လည်းရှိကြောင်း ကြိုတင်အသိပေးပါရစေ။

ပြိုင်ပွဲဝင် စည်းမျဉ်းနှင့် သတ်မှတ်ချက်များ
====================
(၁) ပြိုင်ပွဲဝင်သူသည် ဓါတ်ပုံပေးပို့ရက် မတိုင်မီ အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြားရှိ လူငယ်ဖြစ်ရမည်။

(၂) ဖုန်းကင်မရာဖြင့် ကိုယ်တိုင်ရိုက်ကူးထားသောပုံ ဖြစ်ရမည်။ (မိမိတွင် ကင်မရာကောင်းသောဖုန်း မရှိပါက မိတ်ဆွေသူငယ်ချင်းဖုန်းဖြင့် ကိုယ်တိုင်ရိုက်နိုင်ပါသည်။)

(၃) အခြားပြိုင်ပွဲများတွင် ဖော်ပြထားသော (သို့) ဆုရထားသော ပုံ မဖြစ်ရပါ။

(၄) ၂၀၁၇ ခုနှစ် မတ်လ မှ ၂၀၁၈ ခုနှစ် ဧပြီလ အတွင်း ရိုက်ကူးထားသော ပုံ ဖြစ်ရမည်။

(၅) လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကို ထိခိုက်ညစ်နွမ်းစေသောပုံများ မဖြစ်ရပါ။

(၆) တစ်ဦးလျင် မိမိစိတ်ကြိုက် ကာလာ (သို့) အဖြူအမဲ အကောင်းဆုံး တစ်ပုံသာ ယှဉ်ပြိုင်ခွင့် ရှိပါသည်။

(၇) ပြိုင်ပွဲနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာ အကြောင်းတစ်စုံတရာရှိလာပါက MPAS အဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်များမှ ပေးပို့ရမည့် အချက်များ
====================
(၁) MPAS page ကို Like & Follow လုပ်ပြီးသူဖြစ်ပြီး၊ ဓါတ်ပုံချစ်သူ ကိုယ့်မိတ်ဆွေသူငယ်ချင်း ၁၀ ယောက်နှင့်အထက်ကို ၂၀၁၈ ဧပြီ ၃၀ ရက်နေ့ (ပြိုင်ပွဲပိတ်ရက်) မတိုင်မီ Share လုပ်ထားပြီးသော Screen Shot

(၂) အမည်မှန် နှင့် ဆက်သွယ်ရမည့် (အမြဲတမ်းကိုင်ဆောင်သော) ဖုန်းနံပါတ်

(၃) မိမိရိုက်ကူးခဲ့သော မြို့နယ်၊ ကျေးရွာ နှင့် ပြည်နယ်/တိုင်းဒေသကြီး

(၄) ဖုန်းကင်မရာဖြင့် ရိုက်ကူးထားသော ပြိုင်ပွဲဝင် ကာလာ (သို့) အဖြူအမဲ ဒစ်ဂျစ်တယ် ဓါတ်ပုံ တစ်ပုံ

(၅) မိမိရိုက်ကူးခဲ့သော ဓါတ်ပုံနှင့် ဆက်စပ်၍ နှစ်စဉ်ကြုံတွေ့နေရသော သောက်သုံးရေ ပြတ်လပ်မှု အခြေအနေ (စာ ၅-၁၀ ကြောင်းခန့် ကို မြန်မာလို ရေးပေးပါ။)

(၆) ရိုက်ကူးထားသော ဖုန်းအမျိုးအစားနှင့်မော်ဒယ် (ဥပမာ - Samsung J7, Xiaomi Mi5, Huawei P9 … စသဖြင့်)

အထက်ပါအချက်အလက်များကို MPAS Message Box (သို့) အီးမေးလ် ရှိပါက [email protected] သို့ ဧပြီ ၃၀ ရက်၊ ၂၀၁၈ ခုနှစ်၊ ညနေ (၅) နာရီ နောက်ဆုံးထားပြီး ပေးပို့ရမည်။ Message Box မှ ပေးပို့မည်ဆိုပါက ဓါတ်ပုံအရည်အသွေးကောင်းစေရန် setting ထဲမှာ HD mode ပြောင်းပြီးမှ ပေးပို့ပါရန် အသိပေးအပ်ပါသည်။

ဓါတ်ပုံဆုရရှိသူတို့၏ ခံစားမှုများ
================
(၁) ဆုကြေး
ပထမဆု - ၃ သိန်း
ဒုတိယဆု - ၂ သိန်း
တတိယဆု - ၁ သိန်း
နှစ်သိမ့်ဆု (၃) ဆု - ၅ သောင်း

(၂) ဆုရရှိသူ (၆) ဦးမှ A4 (၂-၃) မျက်နှာခန့်ပါရှိသော ကိုယ့်ရပ်ကိုယ့်ရွာလူထု နွေရာသီ ရေမပြတ်/ရေမငတ်စေဖို့၊ လူထုရင်ကို လှုပ်ခတ်စေနိုင်သော (သို့) အပြောင်းအလဲကို ဖော်ဆောင်စေနိုင်သော အကောင်းဆုံးဆောင်းပါးတို တင်ပြနိုင်ပါက MPAS မှ စာမူခ (၅) သောင်းကျပ်ဖြင့် ၀ယ်ယူပြီး၊ MPAS ရဲ့ page မှတဆင့် ဆုရဓါတ်ပုံနှင့်တကွ တပ်ဆင့် အခမဲ့ ကြော်ငြာဖြန့်ဝေပေးပါမည်။

မေတ္တာရပ်ခံချက်
==========
(၁) ဆုရသူဖြစ်ပါက MPAS မှ ကြိုတင်အကြောင်းကြားပြီး၊ ဆုရရှိသူမှ အသက် (၁၈ - ၂၅) နှစ်ကြား ဖြစ်ကြောင်း မှတ်ပုံတင်ဓါတ်ပုံကို MPAS Message Box (သို့) အီးမေးလ် ရှိပါက [email protected] သို့ ပေးပို့ရမည်။

(၂) အတည်ပြုပြီးပါက MPAS မှ ၂၀၁၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ MPAS page မှတဆင့် အများသိအောင် ထုတ်ပြန်ကြေငြာပေးပါမည်။

(၃) အလှူရှင်များ၊ စပွန်ဆာပေးသူများ ပေါ်ပေါက်လာပါက လက်ခံရရှိငွေများကို ဆုရရှိသူများအား ပေးအပ်သွားပါမည်။

(၄) မြန်မာ့သတင်းမီဒီယာမှာ ဖော်ပြထားသော နမူနာပုံတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ရင်ကိုရိုက်ခတ်စေတဲ့ ဓါတ်ပုံတွေ ရိုက်နိုင်စေဖို့ပါ။

(၅) ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်သူ မဟုတ်သည့်တိုင် ဓါတ်ပုံဝါသနာရှင် (၂၅) နှစ်အောက် လူငယ်များကို Share ပေးပါလို့ မေတ္တာရပ်ခံပါရစေ။

မေတ္တာဖြင့်
MPAS

14/03/2018

မိုနေး၊ မင်းကြည် နဲ့ အင်ပရက်ရှင်းနစ်ဇင်
Retrospective Min Kyi’s
====================
၁၈၅၇ ခုနှစ်မှာ ကလော့မိုနေးဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ပါရီ (ပဲရစ်) ကိုထွက်လာခဲ့ပြီး၊ လူဗာ အနုပညာပြတိုက်ကြီးကို လေ့လာကြည့်ရှုခဲ့ပါတယ်။ မိုနေးက ပန်းချီအနုပညာကို စိတ်ဆန္ဒပြင်းပြင်းနဲ့ လေ့လာလိုက်စားနေသူ တစ်ယောက်ပါ။ ဒါပေမဲ့ ပါရီကို ရောက်လာတဲ့အခါ သူနဲ့ရွယ်တူပန်းချီသမားတွေက ရှေးဂန္တ၀င်ဆရာကြီးတွေရဲ့ လက်ရာတွေကိုပဲ တုပပြီးရေးနေကြတာကိုတွေ့ရတော့ သူ စိတ်ပျက်သွားတယ်။ မိုနေးက အဲဒီလိုတွေ လိုက်ရေးနေမယ့်အစား၊ အခန်းပြတင်းပေါက်ကနေ အပြင်ကိုငေးရင်း မြင်လိုက်ရတာ တစ်ခုခုကိုပဲဖြစ်ဖြစ်၊ အပြင်မှာလျှောက်သွားရင်း မြင်လိုက်ရတာ တစ်ခုခုကိုဖြစ်ဖြစ်၊ သူ့စိတ်ထဲမှာပေါ်တဲ့အတိုင်း ရေးဆွဲလိုက်ရတာကိုပဲ သဘောကျတယ်။ သဘာဝရဲ့အလင်းရောင်ကို စိတ်ထဲမှာထင်ဟပ်လာတဲ့အတိုင်း သွက်လက်တဲ့ရေးဟန်မျိုးနဲ့ အမိအရဖမ်းယူပြတတ်တာဟာ မိုနေးရဲ့ ရေးဟန်ပါပဲ။ ဒါဟာ နောင်တချိန်မှာ ကျော်ကြားလားမယ့် အင်ပရက်ရှင်းနစ်ဇင် (Impressionism) ဆိုတဲ့ ၀ါဒသစ်တစ်ခုရဲ့ အစပျိုးလာချိန်ပါပဲ။

ကလော့မိုနေးကို ၁၈၄၀ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ ပါရီမှာပဲ မွေးခဲ့တယ်။ သူတို့မျိုးရိုးက ကုန်စုံဆိုင်လုပ်ငန်းကို လုပ်ကိုင်ကြတယ်။ သူ့အဖေကလည်း မိုနေးကို ချမ်းသာမယ့် မိသားစုလုပ်ငန်းကိုပဲ လုပ်စေချင်ပေမယ့်၊ မိုနေးက ငယ်ငယ်ကတည်းက ပန်းချီကိုပဲ ၀ါသနာပါတယ်။ ပန်းချီဆရာအဖြစ်နဲ့ပဲ ဘ၀ကိုရပ်တည်ချင်ခဲ့တယ်။ ဒါ့ကြောင့် အဖေဖြစ်သူရဲ့ ငွေကြေးထောက်ပံ့မှုကို မရတော့ပါဘူး။ သူ့ဘာသာသူ ရုန်းကန်လှုပ်ရှားရင်း၊ ပန်းချီပညာကိုပဲ အလေးအနက် လေ့လာလိုက်စားခဲ့တယ်။ သူနဲ့အမြင်ချင်းမတူတဲ့ တခြားခေတ်ပြိုင်ပန်းချီဆရာတွေနဲ့လည်း သိကျွမ်းခင်မင်လာပါတယ်။ အဲဒီပန်းချီဆရာတွေထဲမှာ သြဂတ်ရေနွား၊ ဆစ္စလေ၊ ဂုစတင် နဲ့ မနေး တို့ပါပါတယ်။

ပန်းချီသမိုင်းမှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်ပရက်ရှင်းနစ်ပန်းချီပြပွဲကို ၁၈၇၄ ခုနှစ်၊ ဧပြီလမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို မိုနေးတို့အဖွဲ့ကပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အင်ပရက်ရှင်းနစ် (Impressionist) ဆိုတဲ့ အခေါ်အဝေါ်ကိုတော့ သူတို့ပြပွဲကို ဝေဖန်ခဲ့တဲ့ ပန်းချီဝေဖန်ရေးဆရာတစ်ယောက်က သုံးစွဲခဲ့တာပါ။ မိုနေးတို့အဖွဲ့ရဲ့ ရေးဟန်တွေအပေါ် နှိမ်ချင်တဲ့သဘောနဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ မိုနေးတို့က ဒီအခေါ်အဝေါ်ဟာ သူတို့ဝါဒနဲ့ သင့်တော်နေတဲ့အတွက် ဆက်ပြီးအသုံးပြုခဲ့ပါတယ်။ တကယ်တော့ အဲဒီဝေဖန်ရေးဆရာဟာ မိုနေးရဲ့ ပန်းချီကားတစ်ခုဖြစ်တဲ့ Impression, Sunrise (1872) ကနေ ဒီအခေါ်အဝေါ်ကို တီထွင်သုံးဆွဲခဲ့တာပါ။

မိုနေးဟာ အင်ပရက်ရှင်းနစ်ဝါဒကို ဆုပ်ကိုင်ရင်း၊ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ သူကသူ့ယုံကြည်ချက်အတိုင်း မဆုတ်မနစ်ကြိုးစားရင်း၊ နာမည်ကျော်ပန်းချီကားတွေကို လှိုင်လှိုင်ကြီး ရေးထုတ်နိုင်လာခဲ့တယ်။ သူ့အယူအဆဘောင်အတွင်းမှာ ရေးဟန်တွေနဲ့ နည်းစနစ်အမျိုးမျိုးကိုလည်း တဖြည်းဖြည်းနဲ့ စမ်းသပ်ပြောင်းလဲခဲ့တယ်။ နောက်ဆုံးတော့ ခေတ်သစ်ဂန္တ၀င် ပန်းချီဆရာကြီးတွေထဲမှာ သူလည်း တစ်ယောက်အပါအ၀င် ဖြစ်လာခဲ့တဲ့အထိပါပဲ။ အင်ပရက်ရှင်းနစ်ဇင် ပန်းချီဝါဒသစ်လှုပ်ရှားမှုမှာ အဓိကကျခဲ့သူကို ပြပါဆိုရင်တော့ ကလော့မိုနေးဆိုတဲ့ ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပါတယ်။
------------------------
ဒီလိုပဲ အာရှမှာ အထူးခြားဆုံး အင်ပရက်ရှင်းနစ် ပန်းချီအနုပညာလက်ရာရှင်တစ်ယောက် … ယနေ့ခေတ်ရဲ့ တိမ်မြုပ်နေတဲ့ ရတနာတစ်ပါး … သူ့ဘ၀တစ်သက်တာလုံးကို ဝေးလံခေါင်သီတဲ့လှတဲ့ ဒေသတစ်ခုက ရွာလေးတစ်ရွာမှာပဲ နေထိုင်သွားခဲ့သူ … သူ့လက်ရာမှာ ဂန္တ၀င် ပြင်သစ်အနုပညာရှင် မိုနေးရဲ့ ဟန်ပန်အငွေ့အသက်တွေ အများကြီးတွေ့ရနိုင်သူကတော့ မြန်မာပြည်က (ပန်းချီဆရာ) မင်းကြည် ပါ။ သူရှင်သန်ခဲ့စဉ်တုံးက သူနေတဲ့ ရွာကလေးမှာ စာကြည့်တိုက်မရှိ၊ စာအုပ်ဆိုင်မရှိ၊ ဘယ်လိုနည်းနဲ့များ သူ့လက်ရာတွေမှာ မိုနေးဟန်တွေ လွှမ်းနေရသလဲဆိုတာ မသိနိုင်တော့။

သူ့လက်ရာတွေမှာ ဂန္တ၀င် ပြင်သစ်ပန်းချီဆရာ မိုနေးရဲ့ အင်ပရက်ရှင်းနစ် အယူအဆတွေ လွှမ်းနေတာကတော့ အငြင်းပွားစရာမရှိ၊ အပူပိုင်းဒေသ ရှုခင်းမြင်ကွင်းတွေ … စိမ်းစိမ်းစိုစိုတွေကို တိမ်တွေကြားက အလင်းများ ဖြာကျဟန်နဲ့ ဟပ်ပြီး ဆွဲတဲ့ဟန်၊ သဘာဝအလှကို စုတ်ချက်တွေနဲ့ တောက်ပစေတဲ့ အရည်အသွေးဟာ (ဆရာ) မင်းကြည်ရဲ့ ပန်းချီကားတွေပေါ်က အနှစ်သာရပေါ့။ လယ်လုပ်ငန်း၊ ရွာဈေးတန်း၊ အိမ်မှုကိစ္စဗာဟီရ … ဒါတွေကို သူ့ရဲ့ နူးညံ့တဲ့ Impressionist ဟန် စုတ်ချက်တွေနဲ့ ထိတွေ့ပုံဖော်ခဲ့တာဟာ အာရှအဖို့တော့ မြင်ရလွန်းလို့ ရိုးနေတဲ့ ပုံရိပ်တွေကိုပဲ တမျိုးတဖုံ အသက်ဝင် စိတ်ကူးယဉ်ချင့်စဖွယ် အသွင်ဆောင်စေခဲ့ပါတယ်။ ဒါသည်ပင်လျင် သူ့အနုပညာ … သူ့အားထုတ်မှုတွေရဲ့ စွမ်းအား …။

(ဆရာ) မင်းကြည်ဟာ သူ့ရဲ့ ပန်းချီကားတွေကနေပြီး၊ မျိုးဆက်သစ်တွေအတွက် အဖိုးတန်တဲ့ လမ်းစဉ်တစ်ခုကို ချခဲ့ပြီလေ။ သူ့ဘ၀ကို ပန်းချီမှာပဲ မြှပ်နှံခဲ့တဲ့ သူ့အဖို့ ဘ၀ကို ရုန်းကန်ခဲ့ရတယ်၊ ပန်းချီကို တစ်သက်တာပတ်လုံး စွဲစွဲမက်မက် ဆွဲခဲ့တယ်၊ သူ့အရည်အသွေးနဲ့ အနုပညာနောက်လိုက်ရင်း သူ့တစ်သက်တာ ဖြစ်တည်ရှင်သန်ခဲ့ခြင်းကို အသိအမှတ်ပြုမှဖြစ်မယ်။ သူဟာ အာရှရဲ့ ပန်းချီအနုပညာသမိုင်းများထဲက နေရာတစ်နေရာတော့ ထိုက်တန်ပါတယ်။
--------------------
၂၀၀၈ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဖြစ်တဲ့ (ပန်းချီဆရာကြီး ဦး) မင်းကြည် ကို လွမ်းဆွတ်ဂုဏ်ပြုရင်း … MPAS မှ ပန်းချီချစ်သူများအတွက် အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်။

Retrospective Min Kyi’s
(1940 - 2008)
Art Exhibition
အမျိုးသားပြတိုက်၊ ၆၆/၇၄၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
မတ်လ (၁၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ
မနက် ၁၀း၀၀ မှ ညနေ ၄း၃၀ အထိ

(စာကြွင်း)
MPAS မှ Likes မရချင်ပါ။ ကြုံတောင့်ကြုံခဲ ရက်ရှည် အနုပညာပြပွဲမို့ ကိုယ့်ရဲ့ ပန်းချီချစ်သူတွေကို များများ share ပေးပါလို့ မေတ္တာရပ်ခံပါရစေ။

10/03/2018

မျှဝေခံစား ပန်းချီကား (၇)
================
အပိုင်း (၆) အပြီးမှာတော့ အပိုင်း (၇) ကို ဝေငှပါရစေ။

လူသားတွေဟာ အလျား၊ အနံ၊ အမြင့်ဆိုတဲ့ သုံးဖက်မြင် (3D) အရာဝတ္ထုတွေနဲ့ ဖွဲ့စည်းထားတဲ့ သုံးဖက်မြင် dimension လောကကြီးမှာ နေထိုင်ကြပါတယ်။ စတုထ္ထမြောက် dimension ဖြစ်တဲ့အချိန်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့အခါမှုာ အချိန်ခရီးသွားခြင်း (time travel) ကို လုပ်နိုင်မယ်လို့ ပညာရှင်အချို့က ယုံကြည်ကြသလို အချို့ကလည်း စတုထ္ထမြောက် dimension (4D) က နာမ်ဝိညာဉ်နယ်ပယ်/စိတ် (spirit) ကို ကိုယ်စားပြုတယ်လို့ ယူဆကြပြန်ပါသေးတယ်။ ဒုတိယအယူအဆဖြစ်တဲ့ (spiritual dimension) နဲ့ ဒီတစ်ပတ်ဆောင်းပါးရဲ့ အဓိကအကြောင်းဖြစ်တဲ့ Abstract ပန်းချီနဲ့ ပိုနီးစပ်ပါတယ်… ဘာလို့လဲဆိုရင် Abstract ပန်းချီ (ဒြပ်မဲ့ပန်းချီ) ဆိုတာ ပန်းချီဆွဲသူရဲ့ စိတ်ထဲကအတွေးတွေ၊ စိတ်ကူးသက်သက်ဖြစ်တဲ့ ဒြပ်မဲ့သဏ္ဍာန်တွေကို မျက်စိနဲ့မြင်ရအောင် ပန်းချီအဖြစ် အများမြင်အောင် ဖွင့်ဟချပြထားတာမို့ပါ။

Cubism, Surrealism, Futurism ခေတ်တွေမှာတည်းက စတုထ္ထမြောက် dimension ကို ပန်းချီထဲ ထည့်သွင်းပြသဖို့ ကြိုးပမ်းလာခဲ့ကြတာပါ။ အရောင်တွေနဲ့ ရည်ရွယ်ချက်အတိအကျမရှိတဲ့ ပုံရိပ်တွေကို အသားပေးထားတာက ဒြပ်မဲ့ပန်းချီ (Abstract Art) မှန်း သိသာစေတဲ့အချက်ပါ။ ၂ဝ ရာစုအစောပိုင်းတွေရဲ့ အနုပညာလှုပ်ရှားမှုတွေက ဒြပ်မဲ့ပန်းချီဖြစ်ပေါ်လာဖို့ တွန်းအားတစ်ခုအဖြစ် အလွန်အရေးပါခဲ့ပါတယ်။ အဲဒီ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကတော့ အရှေ့ပိုင်းမှာရေးသားခဲ့တဲ့ မျှဝေခံစားပန်းချီကား ဆောင်းပါးတွေကို ဖတ်ကြည့်ရင် အနောက်တိုင်းပန်းချီလောကရဲ့ အယူအဆတွေ တဖြည်းဖြည်း အဆင့်မြင့်လာပုံတွေနဲ့ ချိတ်ဆက်မိသွားမှာပါ။

ကင်မရာတွေမပေါ်သေးတဲ့ ခေတ်တွေတုန်းကတော့ သဘာဝနဲ့တူတဲ့၊ တနည်းအားဖြင့် လက်တွေ့လောကမှာရှိတဲ့ အရာတွေကို ပုံတူကူးတဲ့ (တစုံတရာနဲ့ ပုံတူဖို့ ကြိုးစားတဲ့) ပန်းချီတွေက နေရာယူကြီးစိုးခဲ့ပါတယ်။ အဲ့လို ပုံတူကူးနေရတာကို သဘောပေါက်လာကြပြီး၊ ပိုမိုဆန်းသစ်တဲ့အနုပညာ ဖန်တီးလိုချင်စိတ်တွေက ဒြပ်မဲ့ပန်းချီဖြစ်ပေါ်လာစေတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ။ Post Impressionism ကာလတွေထဲက ဒြပ်မဲ့ဆန်တဲ့လက်ရာတွေ၊ အယူအဆတွေ တစ်စတစ်စ ပ်ါနေပြီဆိုပေမဲ့ ဒြပ်မဲ့ပန်းချီပါဆိုပြီး၊ ၁၉၁၀ ခုနှစ်မှာ ပထမဆုံးချပြမိတ်ဆက်ခဲ့သူကတော့ Wassily Kandinsky (Blue rider အဖွဲ့ရဲ့ ပူးတွဲဦးဆောင်သူ) ဖြစ်ပါတယ်။ အဓိက ကတော့ ဘာပုံရယ်မဟုတ်ပဲ ကြည့်လို့ကောင်းနေပြီး၊ စိတ်ရဲ့အစာဖြစ်တဲ့ အနုပညာရသတစ်ခုခုကို ခံစားရစေဖို့ပါ။ ဒြပ်မဲ့ပန်းချီ ဂုဏ်းခွဲတွေအကြောင်းကို လက်လှမ်းမှီသလောက် ဖော်ပြပေးချင်ပါတယ်။

(၁) Lyrical Abstraction
(၂) Geometric Abstraction
(၃) Abstract Expression
(၄) Action Painting/Gestural Abstraction
(၅) Stone Age Abstract Painting
(၆) Curvilinear Abstraction
(၇) Organic/Biomorphic Abstraction
(၈) Op Art
(၉) Tachisme
(၁၀) Minimalism

ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ပုံချင်းစီနှိပ်ပြီး လေ့လာဖတ်ရှုနိုင်ပါတယ်။

“ပန်းချီတို့ .. ဓါတ်ပုံတို့ ... ဆိုတာ ချမ်းသာမှ၊ စားဝတ်နေရေး အဆင်ပြေမှ၊ ပညာတတ်မှ လေ့လာနိုင်တာ … နားလည်ခံစားနိုင်တာ” … ဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကို MPAS မှ ကြိုးစားတိုက်ဖျက်နေပါတယ်။ ငွေကြးမတတ်နိုင်လို့ မ၀ယ်နိုင်သေး/မဖန်တီးနိုင်သေးတာပဲ ရှိမယ်၊ လေ့လာမှတ်သား ခံစားနိုင်စွမ်းရှိဖို့ကတော့ ခဲယဉ်းတဲ့ကိစ္စ မဟုတ်ပါလို့ ခံယူထားပါတယ်။

စာကြွင်း
=====
မျှဝေခံစား ပန်းချီကား (၆) မှာ ပါဝင်တဲ့ De Stijl, Suprematism, Orphism နဲ့ Color Field Painting တို့ကလဲ Abstract ပန်းချီမျိုးနွယ်စုတွေထဲကပါပဲ။ ပြီးတော့… (အများခေါ်ဝေါ်နေကြတဲ့) စိတ္တဇပန်းချီ နဲ့ ဒြပ်မဲ့ပန်းချီက အတူတူပါပဲ။ ရုပ်ရှင်တွေထဲက စိတ္တဇလူသတ်သမားတွေရဲ့ လွှမ်းမိုးမှုကြောင့် စိတ္တဇ ဆိုတဲ့ စကားလုံးမြင်တာနဲ့ စိတ္တဇကျန်းမာရေးစခန်း/ဆေးရုံက အရူးတွေဆွဲတဲ့ ပန်းချီများလား လို့မတွေးရလေအောင် “ ဒြပ်မဲ့ပန်းချီ ” ဆိုတဲ့ ရှိပြီးသားနာမည်လေးကို တမင်သုံးထားတာပါ။ တကယ်တော့ စိတ္တဆိုတဲ့စိတ်ဝိညာဉ်ရဲ့ ပုံရိပ်တွေကို ပုံဖော်တဲ့ပန်းချီမို့ စိတ္တဇပန်းချီဆိုပြီး ရှေးဆရာများက ဘာသာပြန်ဆိုခဲ့တာဖြစ်ပါလိမ့်မယ်။

အပေါ်ပိုင်းမှာပါတဲ့ လက်တွေ့လောကမှာရှိတဲ့ အရာတွေကို ပုံတူကူးတဲ့ (တစုံတရာနဲ့ပုံတူဖို့ ကြိုးစားတဲ့) ပန်းချီ ဆိုတဲ့ အသုံးအနှုန်းကြောင့် “တို့ကတော့ အပြင်ကပုံနဲ့တူမှ ပန်းချီလို့လက်ခံတာ” လို့မှတ်ယူထားတဲ့ ပန်းချီချစ်သူတွေရော… Realism ပန်းချီဆရာ၊ Figurative ပန်းချီဆရာ … စတဲ့ သဘာဝဆရာသမားများရော စိတ်ခုသွားရင် ခွင့်လွှတ်စေချင်ပါတယ်။ Abstract Art က ပုံတူဆွဲရတာလောက် အရမ်းအားမစိုက်ရပေမယ့် ကြည့်ရှုသူအများစုအနေနဲ့ နားလည်ဖို့ခက်သလို၊ သဘာဝနဲ့တူအောင်ရေးတဲ့ ပန်းချီတွေကလဲ ကြည့်တော့သာ ဘာပုံညာပုံဆိုပြီး အလွယ်သိနိုင်ပေမယ့် … ဖန်တီးသူကတော့ ရူပဆိုတဲ့ ရုပ်သဘောကို ကျေညက်အောင် နှစ်ချီပြီးလေ့ကျင့်၊ ဆွဲတဲ့အခါလည်း၊ အချိန်ကုန် လူပင်ပန်းခံပြီးဆွဲရတာကြောင့် ဂုဏ်ပုဒ်ကိုယ်စီနဲ့မို့ အားလုံးကိုလေးစားလျက်ပါ။

မေတ္တာဖြင့်
MPAS

05/03/2018

ဓါတ်ပုံအကြောင်း တစေ့တစောင်း (၈)
====================
အပိုင်း (၇) ပြီးတော့ အပိုင်း (၈) ပေါ့။ ပြီးခဲ့တဲ့ အပိုင်း (၃) နဲ့ (၇) ကို ဖတ်ပြီးသားဆိုရင်တော့ ကင်မရာ မှန်ဘီလူးအကြောင်း အခြေခံအဆင့်တော့ စုံလောက်ပါပြီ။ ဒီအပိုင်း (၈) မှာတော့ ကင်မရာအကြောင်းကို လေ့လာကြည့်ရအောင်။ အရင်ကတည်းက စကားခံထားတဲ့အတိုင်း စိတ်မရှုပ်သွားအောင် ပေါ့ပေါ့ပါးပါးလေးပဲ ရေးပါရစေ။

(ဖုန်းကင်မရာအပါအ၀င်) ဘယ်လိုကင်မရာပဲဖြစ်ဖြစ် မှန်ဘီလူးက မှန်ဘီလူးအချပ်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး၊ zoom ချုံ့ /ချဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူ့ထဲကို ၀င်ရောက်ဖြတ်သန်းလာတဲ့ အလင်းအမှောင် ပုံရိပ်တွေကို (မှန်ဘီလူး အမျိုးအစားပေါ် လိုက်လို့) လူ့မျက်စိနဲ့မြင်ရတဲ့ (သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်တဲ့) ပုံရိပ်တွေရအောင် … အလင်းယိုင်ခြင်း၊ မလိုလားအပ်တဲ့ ရောင်စဉ်ဖြာထွက်ခြင်း မရှိအောင် … ပုံရိပ်ရွဲ့စောင်းခြင်းတွေ နည်းပါး/မရှိအောင် … ပုံရိပ်ပြတ်သားမှု (focus) ရှိအောင် … တတ်နိုင်သမျှ ထိမ်းညှိပေးပြီးနောက် အကောင်းဆုံးပုံရိပ်တွေကို ကင်မရာထဲမှာရှိတဲ့ ပုံရိပ်ဖမ်းကရိယာ (image sensor) ပေါ်ကို ကျရောက်စေဖို့ပဲ။ ဒါဟာ သူ့ရဲ့အဓိကတာဝန်ပဲ။

ကင်မရာအကြောင်း
==========
မှန်ဘီလူးထဲကို ဖြတ်သန်းဝင်ရောက်လာတဲ့ အလင်းအမှောင် ပုံရိပ်တွေကို ဓါတ်ပုံတစ်ပုံ ဖြစ်လာဖို့ ကျန်တဲ့အပိုင်းကတော့ ကင်မရာရဲ့ တာဝန်ပဲ…လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ (စက္ခုအာရုံဦးနှောက်လို့ တင်စားနိုင်တဲ့) ကင်မရာရဲ့ လုပ်ဆောင်ချက်တွေက အလွန်ပဲ အဆင့်မြင့်ပြီး၊ များပြားရှုပ်ထွေး သိမ်မွေ့လွန်းပါတယ်။ ဈေးကြီးတဲ့ ကင်မရာဖြစ်လေ ပိုပြီး များပြားရှုပ်ထွေး အဆင့်မြင့်လေပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကင်မရာတစ်ခုမှာတော့ Auto (သို့) Program Mode (P) မှာဆိုရင် အောက်ပါ အခြေခံလုပ်ဆောင်ချက်တွေ မဖြစ်မနေ ပါရှိပါတယ်။

(၁) မျက်စိချောင်းကြည့်ပေါက် (viewfinder) မှတဆင့် ပုံရိပ်ကို မြင်တွေ့စေခြင်း
(၂) အရိုက်ခံ အရာဝတ္ထုတွေရဲ့ အကြီးအသေး၊ အနီးအဝေးကို တွက်ချက်ခြင်း
(၃) ပုံရိပ်ပြတ်သားမှု (focus) ရှိအောင် ချိန်ညှိခြင်း
(၄) ပုံရိပ်အလင်းအမှောင် (exposure) မှန်ကန်အောင် ချိန်ညှိခြင်း
(၅) သင့်တော်မှန်ကန်တဲ့ အဖြူရောင် (white balancing) ရအောင် ချိန်ညှိခြင်း
(၆) အရောင်များကို ရွေးချယ်စစ်ထုတ်ကာ ပုံရိပ်ဖမ်းခြင်း
(၇) ဖမ်းယူရရှိတဲ့ ပုံရိပ်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းခြင်း
(၈) အခြား ဒစ်ဂျစ်တယ် လုပ်ဆောင်ချက်များ

ဒီအချက်တွေက နံပါတ်စဉ်အလိုက် တစ်ခုပြီးမှတစ်ခု မဟုတ်ဘဲ ကင်မရာအမျိုးအစားပေါ် မူတည်ပြီး၊ တစ်စက္ကန့်ရဲ့ တစ်ရာပုံတစ်ပုံ (milliseconds/ ms) မှ တစ်ထောင်ပုံတစ်ပုံ (microseconds/ μs) အတွင်းမှာ ကင်မရာပရော်ဆက်ဆာ (processor) မှ အလွန်လျင်မြန်စွာနဲ့ အားလုံးကို တစ်ပြိုင်နက်နီးပါး လုပ်ဆောင်သွားတာပါ။ ဥပမာ - ဖုန်းကင်မရာနဲ့ အိမ်သုံး (point & shoot) ကင်မရာတွေမှာ လုပ်ဆောင်မှု အနည်းငယ်နှေးတာကြောင့် လှုပ်ရှားမှုပုံရိပ်တွေ … လျှက်တပြတ်ရိုက်ချက်တွေ မရလိုက်တာကို သတိထားမိမှာပါ။ မှန်ဘီလူး ပြောင်းလဲဖြုတ်တပ်နိုင်တဲ့ Digital SLR ကင်မရာတွေကတော့ လုပ်ဆောင်မှု (processing) အရမ်းမြန်ပါတယ်။ ကင်မရာက ပရော်ဖက်ရှင်နယ်ဖြစ်လေ … ဈေးကြီးလေ … လုပ်ဆောင်မှု (processing) မြန်လေပါပဲ။

ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ပုံချင်းစီနှိပ်ပြီး … လေ့လာဖတ်ရှုနိုင်ပါတယ်။ ဓါတ်ပုံချစ်သူများအနေနဲ့ အပိုင်း (၁ မှ ၇) ကိုလည်း ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
======================
မေတ္တာဖြင့်
MPAS

စကားချပ်။ ။ ကင်မရာတစ်လုံးရဲ့ အဓိကအစိတ်အပိုင်း (၂) ခုဖြစ်တဲ့ မှန်ဘီလူးနဲ့ ကင်မရာတွေရဲ့ အကြောင်းကို အတိုင်းအတာ တစ်ခုအထိနားလည်ပြီမို့ ဓါတ်ပုံကောင်းတစ်ပုံ ရနိုင်ဖို့အတွက် သိထားသင့်တဲ့ အရောင်သီအိုရီ၊ အထားအသို (composition)၊ အလင်းအမှောင် (exposure)၊ ကင်မရာ setting၊ အလင်းပေးခြင်း (lighting) … စတာတွေကို တဆင့်ပြီးတဆင့် ဆက်လက်မျှဝေသွားမှာမို့ ဖုန်းကင်မရာအကြောင်းတွေပါ အလိုလို ဆက်နွယ်ပါဝင်သွားမှာပါ။

25/02/2018

မျှဝေခံစား ပန်းချီကား (၆)
==============
အပိုင်း (၅) အပြီးမှာတော့ အပိုင်း (၆) အနေနဲ့ စိတ်ဝင်စားဖွယ်ပန်းချီအယူအဆ/ရေးဟန်တွေကို ဖော်ပြပေးချင်ပါတယ်။ ဒီတစ်ပတ်ဆောင်းပါးမှာ ဒြပ်မဲ့ပန်းချီနဲ့ နှီးနွယ်စပ်ဆက်နေတဲ့ပန်းချီအချို့ကို ဒြပ်မဲ့ပန်းချီ (Abstract Art) [ တစ်ချို့အခေါ် “ စိတ္တဇ ပန်းချီ “ ] မိတ်ဆက်အနေနဲ့ ရောပြီးရေးထားပါတယ်။

ဖော်ပြပေးမယ့် ပန်းချီအယူအဆ/ ဝါဒအချို့ကတော့ ...
(၁) Art Nouveau
(၂) Symbolism
(၃) Suprematism
(၄) Orphism (Orphic Cubism)
(၅) Dada (Dadaism)
(၆) De Stijl (Neoplasticism) နဲ့
(၇) Color Field Painting တို့ ဖြစ်ပါတယ်။

ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့ တစ်ပုံချင်းစီနှိပ်ပြီး ဝင်ရောက်ဖတ်နိုင်ပါတယ်။ နောက်လာမယ့် ပန်းချီအကြောင်းဆောင်းပါးမှာတော့ ဒြပ်မဲ့ပန်းချီ (Abstract Art) အကြောင်းကို တတ်စွမ်းသလောက် မျှဝေပေးမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

မေတ္တာဖြင့်
MPAS

21/02/2018

သတင်းကောင်းဗျို့ ... သတင်းကောင်း !!!

လာမယ့် မတ်လ (၄) ရက်နေ့ (တနင်္ဂနွေနေ့) အထိ နောက်ထပ် (၄) ရက်တိုးပြီး ကျင်းပလိုက်ပါပြီ။
======================
မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) မှ စီစဉ်တဲ့ နိုင်ငံတော်အဆင့် နှစ် (၁၀၀) ပြည့် ပန်းချီ ပန်းပု အနုပညာပွဲတော်ကြီးကို နိုင်ငံတော်အကြီးအကဲများ၏ အားပေးခွင့်ပြုမှုနှင့်အတူ၊ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်း တို့၏ အလှူငွေ ပံ့ပိုးကူညီမှုတို့ဖြင့် ... လာမယ့် မတ်လ (၄) ရက်နေ့ (တနင်္ဂနွေနေ့) အထိ နောက်ထပ် (၄) ရက်တိုးပြီး ကျင်းပမှာဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ။

တကယ့်ကို ကြုံတောင့်ကြုံခိုက် ပွဲတော်တစ်ခုပါ။ တစ်နိုင်ငံလုံးမှ အနုပညာရှင်တွေရဲ့ လက်ရာကောင်း ပန်းချီကား (၇၀၀) ကျော်နဲ့ ပန်းပုလက်ရာတွေအပြင် ကလေးပန်းချီလက်ရာတွေကိုပါ ပြသထားမယ့် နိုင်ငံတော်အဆင့် အနုပညာပွဲတော်ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံမှာ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ စတင်ကာ ကျင်းပနေကြောင်း သတင်းကောင်း ပါးပါရစေ။

ကြုံတောင့်ကြုံခဲ နှစ် (၁၀၀) ပြည့်ပွဲတော် ဖြစ်တဲ့အပြင်၊ စနေ-တနင်္ဂနွေ ရုံးပိတ်ရက်ပါ ကျင်းပပြသထားတာမို့ တစ်ချက်လောက် ကြိုးစားပြီး လာရောက်စေချင်ပါတယ်။ ပန်းချီ နဲ့ ဓါတ်ပုံပညာဟာ သီးခြားစီ အကန့်ခွဲထားလို့ မရတဲ့ ဆက်စပ်အနုပညာမို့၊ ပန်းချီ နဲ့ ဓါတ်ပုံချစ်သူတွေအာလုံး တက်နိုင်သမျှ ကြိုးစားလာရောက် ခံစားနိုင်စေဖို့ လေးစားစွာ ဖိတ်ခေါ်ပါရစေ။

Myanmar Artists Organization (Central) ရဲ့ page မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/Myanmar-Artists-Organization-Central-1774327669553148/

စကားချပ် ။ ။ ပန်းချီတို့ .. ဓါတ်ပုံတို့ ... ဆိုတာ ချမ်းသာမှ၊ စားဝတ်နေရေး အဆင်ပြေမှ၊ ပညာတတ်မှ လေ့လာနိုင်တာ … နားလည်ခံစားနိုင်တာ” … ဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကို MPAS မှ ကြိုးစားတိုက်ဖျက်နေပါတယ်။ ငွေကြးမတတ်နိုင်လို့ မ၀ယ်နိုင်သေး/ မဖန်တီးနိုင်သေးတာပဲ ရှိမယ်၊ လေ့လာမှတ်သား ခံစားနိုင်စွမ်းရှိဖို့ကတော့ ခဲယဉ်းတဲ့ကိစ္စ မဟုတ်ပါလို့ ခံယူထားပါတယ်။

မေတ္တာဖြင့်
MPAS

16/02/2018

ဓါတ်ပုံအကြောင်း တစေ့တစောင်း (၇)
====================
စကားချီး။ ။ MPAS မှ အခန်းဆက်ဆောင်းပါးတွေဟာ ဓါတ်ပုံအကြောင်းကို တတ်ကျမ်းတစ်ခုလိုမဟုတ်ဘဲ အများနားလည် ခံစားနိုင်စေဖို့ ပေါ့ပေါ့ပါးပါး ရေးထားလို့၊ ဓါတ်ပုံဆရာတွေအတွက် ရီစရာတစ်ခုလို ဖြစ်နေနိုင်သော်ငြားလည်းပဲ … ကင်မရာကိုင် ဓါတ်ပုံရိုက်နေပေမယ့် ဓါတ်ပုံသင်တန်း မတက်ရောက်နိုင်သူတွေ၊ နောင်တစ်ချိန် ကင်မရာဝယ်ပြီး ဓါတ်ပုံရိုက်ဖို့ စိတ်ကူးထားသူတွေ နဲ့ ဖုန်းကင်မရာ ရိုက်ချင်သူတွေအတွက်တော့ အတိုင်းအတာတစ်ခုအထိ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

မှန်ဘီလူးအကြောင်း …
=============

# # # စာတွေအများကြီး ပါနေတဲ့ ဓါတ်ပုံတွေကို Facebook ရဲ့ မူဝါဒအရ ခွင့်မပြုလို့ တစ်ချို့ပုံတွေကို Comment Box ထဲမှာ တွဲတင်ထားပါတယ်။

ကင်မရာလို့ ဆိုလိုက်တာနဲ့ မှန်ဘီလူး ဖြုတ်လဲ/ပြောင်းလဲ တပ်ဆင်နိုင်တဲ့ Digital SLR ကင်မရာပဲ ဖြစ်ဖြစ်၊ အိမ်သုံး (point & shoot) ကင်မရာပဲ ဖြစ်ဖြစ်၊ ဖုန်းကင်မရာပဲ ဖြစ်ဖြစ် … ကင်မရာတစ်ခုရဲ့ ပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ အလုပ်လုပ်ပုံတွေကတော့ အတူတူပဲမို့ ဒါတွေကို အရင်ဆုံး သိနားလည်တယ်ထားဆိုရင် ပုံကောင်းတစ်ပုံ ရိုက်နိုင်ဖို့အတွက် အိုင်ဒီယာကောင်းတွေ ရလာမှာပါ။ ဒါကြောင့် ဒီအကြောင်းလေးတွေကို ဦးစွာ မိတ်ဆက်ပေးပါရစေ။

ကင်မရာဟာ လူတစ်ယောက်ရဲ့ မျက်လုံး၊ အမြင်အာရုံခံစားသိမှတ်မှုနဲ့ သဘောတရားအတူတူပါပဲ။ ဆိုလိုတာက လူ့ မျက်လုံးနဲ့ အမြင်အာရုံမှတ်ဥာဏ်ကို နမူနာယူပြီး မှန်ဘီလူးနဲ့ ကင်မရာကို တည်ဆောက်ထားတာပါ။ လူ့မျက်လုံးသူငယ်အိမ် နဲ့ ကင်မရာမှန်ဘီလူး (lens) ရဲ့ အလင်းဝင်ပေါက် (aperture) ဟာ သဘောတရား တူပြီး၊ အလင်းဝင်ပေါက် အကျဉ်း အကျယ်ကို လိုသလို ထိမ်းညှိပေးနိုင်တယ်ဆိုတာ သိရင်ရပါပြီ။

ကင်မရာမှာ (လူ့မျက်လုံးလို့ တင်စားနိုင်တဲ့) မှန်ဘီလူးအပိုင်းနဲ့ (စက္ခုအာရုံဦးနှောက်လို့ တင်စားနိုင်တဲ့) ကင်မရာဘော်ဒီ ရယ်ဆိုပြီး၊ (၂)ပိုင်းသာ ရှိတာမို့ ဒီနှစ်ခုအကြောင်းကို သေသေချာချာသိရင် ဓါတ်ပုံကောင်းရဖို့ ပထမခြေလှမ်း လှမ်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ပထမအပိုင်းဖြစ်တဲ့ မှန်ဘီလူးအကြောင်းနဲ့ စ လိုက်ကြရအောင်။

ဘယ်လိုကင်မရာမျိုးပဲဖြစ်ဖြစ် … မှန်ဘီလူး (lens) နဲ့ ပတ်သက်လို့ အဓိကအချက် (၅) ချက်ကို သတိထားသင့်ပါတယ်။

(၁) Focal Length (ဆုံတာ)
(၃) Fixed Focal Length/Prime Lens မှန်ဘီလူးလား၊ Zoom မှန်ဘီလူးလား။
(၂) Aperture (မှန်ဘီလူး အလင်းဝင်ပေါက်)
(၄) Vibration Reduction (VR) / Image Stabalization (IS)
(၅) Optical Technology (မှန်ဘီလူးနည်းပညာ)

အားလုံးဖတ်ပြီးရင်တော့ ...
- အရှေ့က အရာဝတ္ထုကို focus ပြတ်သားစေပြီး၊ နောက်ခံ အရာဝတ္ထုတွေကို မှုန်ဝါးသွားစေချင်တာလား?
- နောက်ခံ အရာဝတ္ထုတွေကို focus ပြတ်သားစေပြီး၊ အရှေ့က အရာဝတ္ထုကို မှုန်ဝါးသွားစေချင်တာလား?
- ရှေ့ နောက် ရျိသမျှ အရာဝတ္ထုတွေ အားလုံးကို focus ပြတ်သားစေချင်တာလား? .... ဆိုတာ
(၁) မှန်ဘီလူးအလင်းဝင်ပေါက် (aperture) နဲ့
(၂) မှန်ဘီလူး နဲ့ ကင်မရာထဲက ပုံရိပ်ဖမ်းကရိယာ (image sensor) ကြား အကွာအဝေး မီလီလီတာ (mm) ... အဲဒီနှစ်ချက်နဲ့ လိုသလို ကစားနိုင်တယ်ဆိုတာ နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါက မှန်ဘီလူးရဲ့ အပိုင်းပါ။ ကင်မရာအပိုင်းကလည်း လိုသလို ထိန်းချုပ်ကစားနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ဆက်ရေးပါ့မယ်။

ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ပုံချင်းစီနှိပ်ပြီး … လေ့လာဖတ်ရှုနိုင်ပါတယ်။ ဓါတ်ပုံချစ်သူများအနေနဲ့ အပိုင်း (၁ မှ ၆) ကိုလည်း ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
======================
မေတ္တာဖြင့်
MPAS

10/02/2018

မျှဝေခံစား ပန်းချီကား (၅)
==============
“ပန်းချီတို့ .. ဓါတ်ပုံတို့ ... ဆိုတာ ချမ်းသာမှ၊ စားဝတ်နေရေး အဆင်ပြေမှ၊ ပညာတတ်မှ လေ့လာနိုင်တာ … နားလည်ခံစားနိုင်တာ” … ဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကို MPAS မှ ကြိုးစားတိုက်ဖျက်နေပါတယ်။ ငွေကြးမတတ်နိုင်လို့ မ၀ယ်နိုင်သေး/မဖန်တီးနိုင်သေးတာပဲ ရှိမယ်၊ လေ့လာမှတ်သား ခံစားနိုင်စွမ်းရှိဖို့ကတော့ ခဲယဉ်းတဲ့ကိစ္စ မဟုတ်ပါလို့ ခံယူထားပါတယ်။

ပြီးခဲ့တဲ့အပိုင်း (၄) မှာ Realism (သရုပ်မှန်ဝါဒ) နဲ့ နီးစပ်ဆက်စပ်ရာ ပန်းချီအယူအဆတွေအကြောင်းကို မျှဝေခဲ့ပြီးသလို ဒီတစ်ခေါက်မှာတော့ မော်ဒန်ပန်းချီတွေအကြောင်းကို စိတ်ဝင်စားဖွယ်တင်ပြပါရစေ။ ပန်းချီအကြောင်းဖတ်ရတာ အပိုင်း (၄) ပြီးလို့၊ အပိုင်း (၅) ကိုစောင့်မျှော်နေသူဆိုရင်တော့ ဒီဆောင်းပါးဟာ သဘောခွေ့စရာဖြစ်မှာပါ။

လူတွေက မျောက်ကနေ တဖြည်းဖြည်း အဆင့်မြင့်ပြောင်းလဲလာတဲ့ မျိုးနွယ်ဆိုတဲ့ Charles Darwin ရဲ့ ဆိုစကားအတိုင်း၊ ပန်းချီနယ်ပယ်မှာလဲ အယူအဆပြောင်းလဲမှုတွေ၊ တိုးတက်မှုအသစ်အသစ်တွေ ဖြစ်ခဲ့တာကို ပန်းချီသမိုင်းတွေအရ သိရပါတယ်။ မော်ဒန်ဆန်လာတဲ့ ပြောင်းလဲမှုတွေ တနည်းအားဖြင့် ခေတ်မှီလာမှုတွေကြောင့် ၁၉ ရာစုနှစ်ဝန်းကျင်မှာ ပန်းချီအတွေးအခေါ်အယူအဆ/ ဝါဒအသစ်တွေ အများကြီးပေါ်လာပါတယ်။ ဒီအကြောင်းတွေကို တခါတည်း စုပြုံပြီးဖော်ပြလိုက်ရင် စာဖတ်သူတွေ အီသွားမှာစိုးတာကြောင့် အစောပိုင်းကာလရဲ့ မော်ဒန်ပန်းချီတွေထဲက (၉)မျိုးဖြစ်တဲ့ …

(၁) Romanticism
(၂) Impressionism
(၃) Post-Impressionism
(၄) Pointillism (Neo-Impressionism)
(၅) Fauvism
(၆) Expressionism
(၇) German Expressionism
(၈) Cubism
(၉) Futurism

… တွေ အကြောင်းကို ဦးစွာဖော်ပြပါရစေ။ ဖုန်းဘေလ် မဖြစ်စလောက်သာ ကုန်ကျတာမို့၊ တစ်ခုချင်းစီ ပုံလေးတွေနှိပ်ပြီး ဖတ်ကြည့်ပြီးရင်တော့ ရှင်းလင်းသွားမှာပါ။ ပန်းချီချစ်သူများအနေနဲ့ အပိုင်း (၁၊ ၂၊ ၃၊ ၄) ကိုလည်း ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

မေတ္တာဖြင့်
MPAS

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959401695600

Website

Alerts

Be the first to know and let us send you an email when MPAS Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to MPAS Art:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Museum
  • Videos
  • Claim ownership or report listing
  • Want your museum to be the top-listed Museum?

Share